
ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၄.၇၈ ဘီလီယံတန်ဖိုးရှိ ကော်ဖီများကို ပြည်ပသို့ တင်ပို့ခဲ့ပြီး တင်ပို့မှုပမာဏ တိုးတက်လာခဲ့သော်လည်း ကာလတူနှိုင်းယှဉ်ချက်အရ တန်ဖိုးအားဖြင့် ၁၄.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
အဆိုပါကာလအတွင်း ပြည်ပတင်ပို့မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး မက်ထရစ်တန် ၁.၁ သန်း ရှိခဲ့ကာ ဇွန်လတစ်လည်း တင်ပို့မှုအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅၂.၆ သန်းရှိ ကော်ဖီတန်ချိန် ၁၅၀,၀၀၀ ပါဝင်ခဲ့ကြောင်း သိရပါသည်။
စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ ပထမနှစ်ဝက်အတွင်း ပျှမ်းမျှ ပြည်ပတင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၄၃၅ ဝန်းကျင်ရှိပြီး ၂၀၂၄-၂၅ ခုနှစ်အတွင်း ဈေးနှုန်းများမြင့်တက်ခဲ့သည့် ကာလနောက်ပိုင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။
ဂျာမနီ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဈေးကွက် သုံးခုအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း ကော်ဖီတင်ပို့မှု၏ ၁၄.၁ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၆.၉ ရာခိုင်နှုန်းစီ အသီးသီးရှိကြောင်း သိရပါသည်။ သို့ရာတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အဆိုပါဈေးကွက်များသို့ တင်ပို့မှုမှာ လွန်ခဲ့သောတစ်နှစ်ကထက် တန်ဖိုးအားဖြင့် ၂၁.၇ ရာခိုင်နှုန်း၊ ၉.၆ ရာခိုင်နှုန်းနှင့် ၂.၂ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ကြောင်း သိရပါသည်။
တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တန်ဖိုးအားဖြင့် ၇၀.၇ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပြီး ဗီယက်နမ်ကော်ဖီကို အဓိကတင်သွင်းသည့် ထိပ်သီး ၁၅ နိုင်ငံအနက် အားအကောင်းဆုံး တိုးတက်မှုဖြစ်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်း၌မူ ကော်ဖီဈေးနှုန်းများသည် တစ်ကီလို ဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၄၂) အထက်သို့ ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ကော်ဖီနှင့် ကိုကိုးအသင်းက ကမ္ဘာ့ကော်ဖီဈေးကွက်သည် ပိုမိုစိန်ခေါ်မှုကြီးမားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဓိကအားဖြင့် ဘရာဇီးနိုင်ငံကြောင့် ဖြစ်ပေါ်လာသည့် ထောက်ပံ့မှု (အထွက်နှုန်း) တိုးတက်လာခြင်းမှာ မကြာသေးမီနှစ်များအတွင်း အနည်းငယ်သာ တိုးတက်လာခဲ့သည့် စားသုံးမှုနှုန်းထက် ကျော်လွန်နေခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ထောက်ပံ့မှု ပိုမိုများပြားလာခြင်းက လာမည့်လများတွင် ဈေးနှုန်းများအပေါ် ဆက်လက်ကျဆင်းစေရန် ဖိအားဖြစ်စေလိမ့်မည်ဟု မျှော်မှန်းရပြီး အထူးသဖြင့် ဗီယက်နမ်၏ အဓိက ပို့ကုန်အမျိုးအစားဖြစ်သော ရိုဘတ်စတာ (Robusta) ကော်ဖီကဏ္ဍတွင် ဖြစ်နိုင်ကြောင်း ၎င်းအသင်းမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။
ပို့ကုန်လုပ်ငန်း Vinh Hiep ၏ ဥက္ကဋ္ဌ ဖြစ်သူ Thai Nhu Hiep က မကြာသေးမီနှစ်များအတွင်း ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကော်ဖီစိုက်တောင်သူများ၏ လူနေမှုဘဝ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ကော်ဖီအသင်းအနေဖြင့် လုပ်ငန်းကဏ္ဍအနေဖြင့် အထွက်နှုန်းတိုးချဲ့ခြင်းထက် ရေရှည်တည်တံ့မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရရှိထားသော အရည်အသွေးမြင့် ကော်ဖီစေ့များ တင်ပို့မှုကို တိုးမြှင့်ခြင်းနှင့် လှော်ပြီးသားကော်ဖီ၊ အသင့်ဖျော်ကော်ဖီနှင့် အောဂဲနစ်စပ်ကော်ဖီ ထုတ်ကုန်များ တင်ပို့မှုကို မြှင့်တင်ခြင်းတို့ဖြင့် တန်ဖိုးပိုမိုဖန်တီးနိုင်ရေးဆီသို့ အလေးဂရုပြု ပြောင်းလဲရန်လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ကြောင်း သိရပါသည်။
လက်ရှိတွင် နိုင်ငံ၏ ကော်ဖီစိုက်ပျိုးဧရိယာ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှု စံချိန်စံညွှန်းများအောက်တွင် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်သဖြင့် ပြည်ပပို့ကုန်ဈေးကွက်များ၏ ပိုမိုတင်းကြပ်လာသော လိုအပ်ချက်များကို ပြည့်မီရန် ခိုင်မာသောအုတ်မြစ်တစ်ခု ဖြစ်စေခဲ့ကြောင်း သိရပါသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီအသင်းက တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနှင့် နော်ဒစ်နိုင်ငံများ အပါအဝင် အလားအလာရှိသော ဈေးကွက်များတွင် ကုန်သွယ်မှုမြှင့်တင်ရေးကို ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်းနှင့် ပြုပြင်မွမ်းမံထားသော ကော်ဖီထုတ်ကုန်များ တင်ပို့မှုကို ပံ့ပိုးပေးနိုင်ရန် အာရှနှင့် ဥရောပရှိ အဓိက လက်လီအရောင်းဆိုင်ကြီးများနှင့် ချိတ်ဆက်မှုများကို တိုးချဲ့ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Source: Vietnumplus
DOCA (ရန်ကုန်)
