
မော်လမြိုင်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက Wifi ကုမ္ပဏီတစ်ခုထံမှ Wifi ၆ လစာ စာချုပ်ချုပ်၍ အသုံးပြုလျက်ရှိရာ အဆိုပါ Wifi မှာ (၃.၆.၂၀၂၆) ရက်နေ့မှစ၍ (၃၀.၆.၂၀၂၆) ရက်နေ့အထိ ပြတ်တောက်နေသော်လည်း လာရောက်ဖြေရှင်းပေးမှုမရှိခြင်း၊ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ခြင်း၊ ရုံးသို့သွားရောက် မေးမြန်းသော်လည်း တိကျသေချာစွာ ဖြေရှင်းပေးမှု မရှိခြင်းတို့ကြောင့် ကျေနပ်မှုမရှိပါ၍ ဖြေရှင်းပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ၃.၇.၂၀၂၆ ရက်နေ့တွင် လူကိုယ်တိုင်လာရောက်၍ စာဖြင့် တိုင်ကြားလာခဲ့ပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက Wifi မန်နေဂျာ နှင့်တွေ့ဆုံခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ Wifi ၆ လစာချုပ် (၁၈.၅.၂၀၂၆) ရက်နေ့မှ (၁၇.၁၂.၂၀၂၆) အထိ ချုပ်ဆိုထားသော ငွေကြေးပမာဏ (၁၈၈၀၀၀) ကျပ်တွင် လိုင်းပြတ် တောက် သွားသော ၁ လစာ အပြင် အသုံးမပြုရသေးသည့် ငွေကြေးပမာဏအား ပြန်လည် ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ ၆ လ စာချုပ်တွင် ၁ လစာအသုံးပြုထားပြီးဖြစ်သည့် အတွက် ကျန်ရှိသည့် ၅ လစာငွေကျပ် (၁၆၉၀၀၀) ကျပ်အား (၆.၇.၂၀၂၆)ရက်၊ တနင်္လာနေ့ (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်ရှိသူများရှေ့မှောက်တွင် စားသုံးသူအား ပြန်လည်ပေးချေခဲ့ပါသဖြင့် စားသုံးသူမှ ကျေနပ်မှုရှိပြီး အမှုအား (၆.၇.၂၀၂၆) ရက်နေ့တွင် ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိပါက တိုင်ကြားမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
