ကျိုက်ထိုမြို့နယ်၏ ရေထွက်ပစ္စည်းဈေးကွက်နှင့်ဈေးနှုန်းအခြေအနေ

Powered by Drupal

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်းနှင့် ကပ်လျက်ရှိပြီး ကမ်းရိုး တန်းဒေသများနှင့် နီးစပ်သည့်အပြင် ရန်ကုန်-မော်လမြိုင် လမ်းမကြီးပေါ်တွင် တည်ရှိသော ကြောင့် ရေထွက်ပစ္စည်း စီးဆင်းမှု ကောင်းမွန်သည့် မြို့နယ်တစ်ခုဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း ရေထွက်ပစ္စည်းဈေးကွက်သည် ပြည်တွင်းသယ်ယူပို့ဆောင်ရေးစရိတ်နှင့် ရာသီ ဥတုအခြေအနေများပေါ် မူတည်၍ ဈေးနှုန်းအတက်အကျရှိနေသည်။

          ဈေးကွက်စီးဝင်မှုပုံစံအရ ကျိုက်ထိုမြို့နယ်အတွင်းရှိ မြို့မဈေးကြီးနှင့် သိမ်ဇရပ်ဈေး များသို့ ရေထွက်ပစ္စည်းများ စီးဝင်သည့် လမ်းကြောင်း (၃) ခုရှိသည်ဟု သိရပါသည်။ ၎င်းတို့မှာ စစ်တောင်းမြစ်နှင့် ဘီးလင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ကျေးရွာများမှဖမ်းဆီးရမိသော ဒေသတွင်း ရေချိုငါး/ပုစွန်များ၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် ကျိုက္ခမီဘက်မှ ထွက်ရှိသည့် ပင်လယ်ငါး၊ ပုစွန်နှင့် ဂဏန်းများ၊ အအေးခန်းစနစ်ဖြင့် ရန်ကုန်မှ တင်ပို့လာသည့် ရေခဲရိုက် ပင်လယ်စာအချို့ (ရေဘဝဲ၊ ကင်းပုစွန်၊ ကင်းမွန်) စသည်တို့ဖြစ်ကြသည်။

          ဈေးနှုန်းများအနေဖြင့် ရေထွက်ပစ္စည်း အရွယ်အစားနှင့် လတ်ဆတ်မှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက် ရှိနိုင်ကြောင်း သိရပါသည်။ ငါးဈေးနှုန်းများအနေဖြင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်ဝန်းကျင်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ဝန်းကျင်၊ ငါးကနုတ်/ငါးနီတူ (ပင်လယ်ငါးအသေးစား) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ဝန်းကျင်၊ ငါးသလောက် တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်မှ (၄၅၀၀၀) ကျပ်အထိ (အရွယ်အစားပေါ်မူတည်၍) ဈေးနှုန်းကွာခြားမှုများ ရှိနိုင်ကြောင်း သိရပါသည်။

          ငါးခြောက်၊ ပုစွန်ခြောက် ဈေးနှုန်းများအနေဖြင့် ငါးနီတူခြောက် တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ဝန်းကျင်ရှိပြီး၊ ပုစွန်ခြောက် အကောင်းစားတစ်ပိဿာလျှင် (၈၅၀၀၀) ကျပ်မှ (၁၁၀၀၀၀) ကျပ်အထိ ရှိကြောင်းသိရသည်။

          ဈေးကွက်စိန်ခေါ်မှုများအနေဖြင့် လတ်တလော မိုးရာသီကာလဖြစ်သဖြင့် ပင်လယ် ပြင် ငါးဖမ်းဆီးမှု ယာယီရပ်နားထားရခြင်းကြောင့် ပင်လယ်ငါး အဝင်နည်းပါးပြီး ဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်။ ထို့ပြင် ရေခဲစရိတ်နှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် များပြားခြင်းကြောင့် ကုန်သည်များနှင့် အသေးစား လက်လီရောင်းချသူများမှာ အမြတ် အစွန်းရရှိမှု နည်းပါးလာကြောင်း သိရသည်။

          သို့သော်လည်း ကျိုက်ထီးရိုးဘုရားဖူးရာသီ မဟုတ်သည့်အတွက် မြို့နယ်အတွင်း စားသုံးမှု ပမာဏသည် ပုံမှန်အခြေအနေတွင်သာ ရှိနေသဖြင့် ပြတ်လပ်မှုမရှိဘဲ ဈေးကွက် လည်ပတ်လျက်ရှိနေကြောင်း သိရပါသည်။

DOCA (မွန်)