ဘားအံမြို့တွင်ရောင်းချနေသော ငါးခြောက်မျိုးစုံ ဈေးနှုန်း

Powered by Drupal

 

    ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဈေးကွက်များနှင့် ဘားအံမြို့ မြို့မဈေးကြီး အပါအဝင် အခြေခံစားသောက်ကုန် အရောင်းဆိုင်များတွင် လက်ရှိ မိုးရာသီကာလ အတွင်း ရေထွက်ကုန် ငါးခြောက်မျိုးစုံဈေးနှုန်းများ သိသိသာသာ အတက်အကျမရှိဘဲ တည်ငြိမ်နေပြီး အရောင်း အဝယ် ပုံမှန်လည်ပတ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

    မိုးကာလတွင် လတ်ဆတ်သည့် ငါးစိမ်း၊ ပုဇွန်စိမ်းများ ဖမ်းဆီးရရှိမှု နည်းပါးသွားခြင်းကြောင့် အရန်စားသောက်ကုန်အဖြစ် ငါးခြောက်နှင့်ပုဇွန်ခြောက်များကို မိသားစုများစားသုံးလေ့ရှိရာ လက်ရှိ တွင် ဈေးနှုန်းတည်ငြိမ်နေခြင်းက အခြေခံလူတန်းစား စားသုံးသူများအတွက် အဆင်ပြေလျက်ရှိသည်။ ကရင်ပြည်နယ်ဈေးကွက်အတွင်း အရောင်းများဆုံးငါးခြောက်ဈေးနှုန်းများမှာ ငါးနီတူခြောက် တစ်ပိဿာ လျှင် (၂၅၀၀၀၊၂၈၀၀၀)ကျပ်၊ မြှီးတံသွယ်ခြောက် တစ်ပိဿာလျှင် (၂၃၀၀၀၊၂၅၀၀၀)ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင် (၃၈၀၀၀၊၄၅၀၀၀)ကျပ်၊ ငါးပြတ်ခြောက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးကွမ်းရှပ် ခြောက် တစ်ပိဿာလျှင်(၃၅၀၀၀၊၄၀၀၀၀)ကျပ်၊ ငါးမွေထိုးခြောက် တစ်ပိဿာလျှင် (၃၂၀၀၀၊၃၆၀၀၀) ကျပ်၊ ငါးရံခြောက် တစ်ပိဿာလျှင်(၄၀၀၀၀၊၆၀၀၀၀)ကျပ် တို့ဖြင့် ရောင်းချပြီး ကရင်ပြည်နယ်အတွင်း ရောင်းချနေသော ငါးခြောက်၊ ပုဇွန်ခြောက် အများစုမှာ ဒေသတွင်းထွက်ရှိမှုအပြင် မွန်ပြည်နယ်၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့ ဘက်တို့မှ ဝင်ရောက်လာခြင်းများလည်းရှိသည်။ ငါးခြောက်တွင် မှိုမတက်အောင် အရည်အသွေးမပျက်စီးအောင် စနစ်တကျထိန်းသိမ်းရောင်းချရသည်။ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှ လာရောက် ဝယ်ယူကြသည့် အဝယ်တော်များနှင့် အိမ်သုံးစားသုံးသူများကြောင့် ငါးခြောက်ဈေးကွက်မှာ ယခင်လ အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ငါးခြောက်အရောင်း ဆိုင်များမှ သိရသည်။

DOCA(ကရင်)