မလေးရှား၊ စင်ကာပူတို့နှင့် ဆန်တင်ပို့မှုသဘောတူညီချက်ရရှိရန် အင်ဒိုနီးရှားကြိုးပမ်း

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံ အစိုးရပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) သည် မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ဆန်တင်ပို့ရေးသဘောတူညီချက်များရရှိနိုင်ရန်အတွက် ဆန်ဈေးနှုန်းတည်ငြိမ် သေချာမှုရှိစေရေးနှင့် တောင်သူလယ်သမားများ၊ နိုင်ငံတော်နှင့် ရေရှည်တည်တံ့သော ပို့ကုန် ကဏ္ဍအတွက် အကျိုးရှိစေမည့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်လျက်ရှိကြောင်း သိရပါသည်။ Bulog ဥက္ကဋ္ဌ Ahmad Rizal Ramdhani က အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ အကြီးအကဲနှင့် စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman တို့၏ လမ်းညွှန်ချက်နှင့်အညီ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ဆန်တင်ပို့နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းက စိုက်ပျိုးရေးဝန်ကြီး၏ ညွှန်ကြားချက်အရ မလေးရှား၊ စင်ကာပူတို့နှင့် ဈေးနှုန်းသေချာမှုအပါအဝင် အခြားကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းနိုင်ရန် အမြန်ဆုံးအကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bulog သည် လက်ရှိတွင် မလေးရှားအစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံရန် အသင့်ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းလျက် ရှိကြောင်း သိရပါသည်။ Ramdhani ၏ ပြောကြားချက်အရ Bulog သည် မလေးရှားနှင့် စင်ကာပူ တို့၏အဆင်သင့်ဖြစ်မှုကိုအတည်ပြုနိုင်ရန် နှစ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်နေပြီး ဈေးနှုန်းတည်ငြိမ် သေချာမှုရှိကာ သက်ဆိုင်သူအားလုံးအတွက်အကျိုးရှိမည့် သဘောတူညီချက်တစ်ရပ်ရရှိရန် မျှော်လင့်ထားကြောင်း သိရပါသည်။ Ramdhani က ၎င်းတို့အနေနှင့် သွားရောက်ဆွေးနွေးမည့် အချိန်ကို မသတ်မှတ်ရသေးသော်လည်း ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး ဈေးနှုန်းသေချာမှုရရှိစေရန် ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် မလေးရှားဘက်၏ ပါဝင်ဆောင်ရွက်မည့်အချိန်သည် ၎င်းတို့၏ ပြည်တွင်းဆောင်ရွက်မှုအခြေအနေများပေါ် မူတည်နေသဖြင့် Bulog အနေ ဖြင့် ဆက်သွယ်ညှိနှိုင်းမှုများကို အားကောင်းစွာဆက်လက်ဆောင်ရွက်ရင်း စောင့်ဆိုင်းနေကြောင်းနှင့် သမ္မတ Prabowo Subianto ၏ လမ်းညွှန်ချက်အရ ဆန်တင်ပို့ရာတွင် သတ်မှတ်မည့်ဈေးနှုန်းများသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရမည် ဖြစ်သကဲ့သို့ သင့်လျော်သောအကျိုးအမြတ်ရရှိစေပြီး နိုင်ငံ့စီးပွားရေးကိုလည်း အထောက်အကူပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်ကလည်း အင်ဒိုနီးရှားမှ မလေးရှားသို့ ဆန် တန်ချိန် ၂ သိန်း တင်ပို့ရန်စီစဉ်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများမှာ ဈေးနှုန်းသတ်မှတ်ရေးအပေါ် အဓိကထားဆက်လက်ဆောင်ရွက်နေကြောင်း Ramdhani က အတည်ပြုထား ပါသည်။ Bulog နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ Sarawak ပြည်နယ်သို့သွားရောက်ကာ အဆိုပါဆန်တင်ပို့ရေးအစီအစဉ်ကို ဆွေးနွေးသွားရန် စီစဉ်ထား ကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် စင်ကာပူနိုင်ငံသို့လည်း ဆန်တန်ချိန် ၁၀,၀၀၀ တင်ပို့ရန်စီစဉ်ထားပြီး အဆိုပါအစီအစဉ်ကို ဇွန် ၂၉ ရက်က ဂျကာတာမြို့ရှိ စိုက်ပျိုးရေးဝန်ကြီးဌာန ၌ ကျင်းပသည့် အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman နှင့် စင်ကာပူနိုင်ငံ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Grace Fu တို့၏ နှစ်နိုင်ငံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)