
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှု များကို မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေး များနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း၊ မုန့်နှင့်အစား အသောက်များ ဝယ်ယူရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထားသို သိမ်းဆည်းပုံအညွှန်းနှင့် ကြိုတင်သတိပေးချက်များကို သေချာစွာဖတ်ရှု့ရန်လိုကြောင်း၊ စားသုံးသူ ပြည်သူများအနေဖြင့် မိမိတို့ နေ့စဉ်ဝယ်ယူစားသောက်နေတဲ့ အစားအစာတွေမှာ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ၊ နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကို သိရှိထားဖို့ အခုလို အသိပညာပေးရခြင်းဖြစ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံက ပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စားသုံးသူပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ခံက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
