
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က အလုပ်အကိုင်အများအပြား ဖန်တီးပေးသည့် (Labour-intensive) စက်မှုလုပ်ငန်းများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအသီးသီးနှင့် ချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်ရေးနှင့် စီးပွားရေးသဘောတူညီချက်များကို အကျိုးရှိစွာအသုံးချ၍ ပို့ကုန်တိုးမြှင့်တင်ပို့ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် မြှင့်တင်နိုင်ရန် အသုံးချနိုင်သည့် ကုန်သွယ်ရေးသဘောတူညီချက်များ ပိုင်ဆိုင်ထားကြောင်းနှင့် အစိုးရအနေနှင့်လည်း အလုပ်အကိုင်အများအပြားဖန်တီးပေးသည့် ကုန်ထုတ်လုပ်ငန်းများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပြီး ပို့ကုန်ဈေးကွက်နိုင်ငံများတွင် အကောက်ခွန်နှုန်းထား ပိုမိုယှဉ်ပြိုင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဇူလိုင် ၁၆ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ဦးတည်သည့် စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကာ ဈေးကွက်ဝင်ရောက်နိုင်မှုတိုးချဲ့ရေးနှင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထိုရည်ရွယ်ချက်ဖြင့် ဝန်ကြီး Santoso သည် ဇူလိုင် ၁၄ ရက်က ဂျကာတာ မြို့ရှိ ကုန်သွယ်ရေးဝန်ကြီးဌာနတွင် ဂျပန်နိုင်ငံအခြေစိုက် Epson ကုမ္ပဏီ၏ ဌာနချုပ်မှ ကိုယ်စား လှယ်များနှင့် PT Indonesia Epson Industry မှ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါသည်။ တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းဖြစ်သည့် Epson အနေဖြင့် အင်ဒိုနီးရှားနိုင်ငံကချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချကာ နိုင်ငံအတွင်း ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ ပို့ကုန်ပမာဏကို တိုးမြှင့်တင်ပို့ရန် ဝန်ကြီးက တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Epson ၏ အင်ဒိုနီးရှားလုပ်ငန်းခွဲမှ ထုတ်ကုန်များကို အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဈေးကွက်တိုးချဲ့မည့် အစီအစဉ်အပေါ်လည်း ဝန်ကြီးက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရပါသည်။ ၎င်းဈေးကွက်ချဲ့ထွင်မှုသည် အစဉ်အလာ ကုန်သွယ်ဖက်နိုင်ငံများအပြင် အခြားဈေးကွက်သစ်များသို့ တိုးချဲ့ဝင်ရောက်ရန် အင်ဒိုနီးရှား အစိုးရ၏မူဝါဒနှင့်ကိုက်ညီကြောင်းလည်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံသည် ကုန်သွယ်ရေးသဘောတူညီချက် ၂၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး သဘောတူညီချက် ၁၅ ခုမှာ အတည်ပြုရေးလုပ်ငန်းစဉ်တွင် ရှိနေကာ သဘောတူညီချက် ၁၁ ခုမှာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းထားပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ဈေးကွက်များတွင်ကြုံတွေ့ရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် အထောက်အကူပြုလျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားရှိ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ရရှိနိုင်သည့်အထောက်အကူပြုအစီအစဉ်များနှင့် အခွင့်အလမ်းများကို အပြည့်အဝ အသုံးချကာ ပို့ကုန်ပမာဏကို ဆက်လက်တိုးမြှင့်ကြရန်လည်း ထပ်လောင်းတိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
