
တရုတ်နိုင်ငံ၏ စားသုံးမှုအင်အားကို ပြသသည့် အဓိကညွှန်းကိန်းတစ်ခုဖြစ်သော ကုန်စည်နှင့် ဝန်ဆောင်မှု စုစုပေါင်း လက်လီရောင်းချမှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်ကာလ တူထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်သည့် အချက်အလက်များအရ ထိုကာလအတွင်း ဝန်ဆောင်မှုကဏ္ဍ လက်လီရောင်းချမှုသည် ယခင်နှစ်ကထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်စည်ကဏ္ဍ လက်လီရောင်းချမှုမှာမူ ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
NBS အချက်အလက်များအရ ဝန်ဆောင်မှုကဏ္ဍ စားသုံးမှုတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ၊ ခရီးသွားလာရေးဆိုင်ရာ အကြံပေးလုပ်ငန်းနှင့် ငှားရမ်းခြင်း ဝန်ဆောင်မှုများ၊ ယဉ်ကျေးမှု၊ အားကစားနှင့် အပန်းဖြေဝန်ဆောင်မှု အမျိုးအစားများသည် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ပြသနေသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် ရုပ်ဝတ္ထုပစ္စည်း စားသုံးကုန်များ ရောင်းချရမှုနှင့် စားသောက်ကုန်လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ ပါဝင်သော စားသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချမှု သည် ယခင်နှစ်ကာလတူထက် ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၂၄.၈၇ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃.၆၆ ထရီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်း အဆိုပါအချက်အလက်များတွင် ဖော်ပြထားသည်။
(၂၀၂၆-၂၀၃၀) (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကာလအတွင်း စားသုံးမှုတိုးချဲ့ရေးဆိုင်ရာ အစိုးရ၏ စီမံကိန်းအရ တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရာတွင် စားသုံးမှုကဏ္ဍ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန် ရည်ရွယ်လျက် ၂၀၃၀ ပြည့်နှစ်တွင် စားသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချမှုကို ယွမ် ၆၀ ထရီလီယံခန့်အထိ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများ၏ စားသုံးလိုစိတ်နှင့် စားသုံးနိုင်စွမ်းရည်ကို မြှင့်တင်ရန်နှင့် စားသုံးမှုဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်ကြိုးပမ်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော စျေးကွက်ကြီး၏ စားသုံးမှုစွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးချသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
