
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျေးလက်နေတောင်သူ လယ်သမားများအား ကုန်စည်များကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒေသတွင်း ကုန်စည်ရောင်းချသောဆိုင်များ၊ စတိုးဆိုင် များ၊ ကုန်မာဆိုင်များ၊ စိုက်ပျိုးရေးသုံးပစ္စည်း ရောင်းချသောဆိုင်များ၊ ဆေးဆိုင်၊ ဆန်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း၍ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို လေ့လာဆန်းစစ်တင်ပြလျက်ရှိပါသည်။
၂၀၂၆ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မြစ်ကြီးနားမြို့နယ်အတွင်း၌ အခြေခံဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်သုံး စိုက်ပျိုးရေး သွင်းအားစု များဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအတိုင်း စီးဝင်လျက် ရှိသော်လည်း ယခုအခြေအနေတွင် လမ်းခရီးပိတ်ဆို့မှုများကြောင့် ကုန်စည်အဝင် ကျဆင်းနေပြီး လက်ကျန်လျော့နည်းနေကြောင်းနှင့် ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။
ဒေသတွင်း ဘိလပ်မြေဈေးကွက်အခြေအနေမှာ မိုးရာသီကာလဖြစ်သောကြောင့် ဒေသတွင်း အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဆောက်ဦးပြင်ဆင်မှုလုပ်ငန်းများ နည်းပါးသွားခြင်း ကြောင့် ဘိလပ်မြေဝယ်လိုအားမှာ ယခင်လများထက် အနည်းငယ် လျော့နည်းသွားသော်လည်း ဈေးကွက်အတွင်း ကုန်စည်ပြတ်လပ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဘိလပ်မြေဈေးနှုန်းမှာ Crown-525 တစ်အိတ်လျှင် ကျပ် ၅၆၀၀၀၊ Crown-425 တစ်အိတ်လျှင်ကျပ် ၅၅၅၀၀၊ Alpha တစ်အိတ်လျှင်ကျပ် ၅၅၀၀၀၊ Apache တစ်အိတ်လျှင်ကျပ် ၅၅၀၀၀ တို့ဖြင့် ဈေးကွက်အတွင်း အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
စိုက်ပျိုးရေးသွင်းအားစု (ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး) ဈေးကွက်အခြေအနေမှာ မိုးရာသီ စိုက်ပျိုးချိန်ကာလဖြစ်သောကြောင့် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အဝယ်လိုက်လျက်ရှိပါသည်။ ယခုအချိန်တွင် ကားလမ်း များ ပိတ်ဆို့ထားမှုရှိသော်လည်း သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးကို သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဈေးကွက်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေ သော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(ရွှေတောင်) (50KG) တစ်အိတ်လျှင်ကျပ် ၂၄၀၀၀၀၊ ကွန်ပေါင်း(အာမို)(၁၀:၁၀:၅)(50KG)တစ်အိတ်လျှင်ကျပ်၂၃၀၀၀၀၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50KG) တစ်အိတ်လျှင်ကျပ် ၂၆၀၀၀၀ ဖြင့်ရောင်းချလျက်ရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် Rocket (ဝိစာရ)10cc တစ်ထုပ်လျှင်ကျပ် ၃၀၀၀ ၊ Rocket (ဝိစာရ)100cc တစ်ထုပ်လျှင်ကျပ် ၁၂၀၀၀ ၊ အီဘာလန်ဒါ (ဝိစာရ) 100g တစ်ထုပ်လျှင်ကျပ် ၂၀၀၀၀ ၊ အလန်း(ဩဘာ)100g တစ်ထုပ်လျှင်ကျပ် ၂၃၀၀၀၊ ဘတ်တား(ဩဘာ)10g တစ်ထုပ်လျှင်ကျပ် ၃၅၀၀ တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
