အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိမြှင့်တင်ရန် ရည်ရွယ်ထားသည့် ဗီယက်နမ်-လာအို

Powered by Drupal

         ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ Vietnam–Laos Business Networking Seminar ကို ဇူလိုင် ၁၇ ရက်က လာအိုနိုင်ငံ Vientiane မြို့တွင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံမှတာဝန်ရှိသူများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင် ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုဆွေးနွေးပွဲကို VIETLAO EXPO 2026 အစီအစဉ်နှင့် တပြိုင်နက်ကျင်းပခဲ့ခြင်း ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေ နိုင်ရန်၊ နယ်စပ်ဖြတ်ကျော်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အခမ်းအနားတွင် ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ် Bui Quang Hung က စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်–လာအို နှစ်နိုင်ငံအကြား ရှည်လျားခိုင်မာ သောချစ်ကြည်ရေး၊ အထူးစည်းလုံးညီညွတ်မှု၊ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုနှင့် မဟာ ဗျူဟာမြောက်ချိတ်ဆက်မှုတို့၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bui Quang Hung က နှစ်နိုင်ငံခေါင်းဆောင်များ သတ်မှတ်ထားသည့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရောက်ရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အတွက် စီးပွားရေးလုပ်ငန်းများအကြား တိုက်ရိုက်ချိတ်ဆက်မှုများတိုးမြှင့်ရန်၊ မလိုအပ်သည့် ကြားခံကုန်ကျစရိတ်များလျှော့ချရန်နှင့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးအခြေခံအဆောက် အအုံများ ပိုမိုကောင်းမွန်လာစေရန်လိုအပ်ကြောင်းနှင့် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်း များမှတစ်ဆင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးများ၏ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အားသာချက်များကို ပိုမိုအသုံးချ နိုင်ရန်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လာအို စက်မှုနှင့် စီးပွားကူးသန်း ဝန်ကြီးဌာန၏ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Chattouphonh Nakhavith က လာအိုနိုင်ငံသည် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ရိုးရှင်းလွယ်ကူစေရေး၊ နိုင်ငံတော် အဆင့်တစ်နေရာတည်းဝန်ဆောင်မှုစနစ်ကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးနှင့် အထူးစီးပွားရေး ဇုန်များတွင် အခွင့်အရေးများပေးအပ်ရေးတို့မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်နေကြောင်းနှင့် ထို့ပြင် အရည်အသွေးမြင့်ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှုချိတ်ဆက်မှုများ၊ နည်းပညာလွှဲပြောင်းမှုများ အားကောင်းလာစေရန် အထူးသဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တန်ဖိုးမြှင့် ထုတ်လုပ်မှုကဏ္ဍ များတွင် စွမ်းဆောင်ရည်ရှိသည့် ဗီယက်နမ်ကုမ္ပဏီများကို လာအိုကအားပေးကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တင်ပြခဲ့သည့် အစီရင်ခံစာများအရ နှစ်နိုင်ငံကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း တည်ငြိမ်စွာတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရ ပါသည်။ နှစ်နိုင်ငံ၏ကုန်သွယ်ရေးဖွဲ့စည်းပုံများမှာ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အားသာ ချက်များရှိပြီး ဗီယက်နမ်သည် လာအိုသို့ သံနှင့် သံမဏိ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ စက်ယန္တရားနှင့် စက်ပစ္စည်းများ၊ အထည်အလိပ်နှင့် အဝတ်အထည်များ၊ ပြုပြင်ထုတ်လုပ် ထားသောစိုက်ပျိုးရေးထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း သိရပါသည်။ လာအိုဘက် မှမူ သဘာဝရော်ဘာ၊ သစ်နှင့် သစ်ထွက်ပစ္စည်းများ၊ သတ္တုရိုင်းများ၊ ဓာတ်သတ္တုများနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဗီယက်နမ်သို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ တက်ရောက်သူ များက လက်ရှိကုန်သွယ်မှုပမာဏသည် နှစ်နိုင်ငံဆက်ဆံရေး၏ အလားအလာနှင့် မကိုက်ညီ သေးကြောင်း သုံးသပ်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများမြှင့်တင်ရေး၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ လွယ်ကူမြန်ဆန်စေရေး၊ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်လျှော့ချရေးနှင့် နယ်စပ်ကုန်သွယ်မှုအဆင်ပြေစေရန် ဒေသတွင်းငွေကြေးအသုံးပြုမှု စနစ်များ တိုးတက်ကောင်းမွန်ရေးတို့ကို ပိုမိုဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရပါသည်။
ဆွေးနွေးပွဲနှင့်အတူကျင်းပခဲ့သည့် စီးပွားရေးချိတ်ဆက်ဆွေးနွေးမှုများမှလည်း လက်တွေ့ကျသော ရလဒ်များ ရရှိခဲ့ကြောင်း သိရပါသည်။ Hoang Hiep F&B Co., Ltd. တည်ထောင်သူ Pham Xuan Hung က ၎င်း၏ကုမ္ပဏီသည် လာအိုနိုင်ငံမှ အလားအလာရှိသောမိတ်ဖက်ကုမ္ပဏီနှစ်ခုနှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ကုမ္ပဏီ၏ထုတ်ကုန်များကိုရောင်းချရန် စဉ်းစားနေ သည့် စူပါမားကတ်လုပ်ငန်းကြီးတစ်ခုနှင့် ဗီယက်နမ် Robusta ကော်ဖီစေ့များကို စိတ်ဝင်စား သည့် ကုမ္ပဏီတစ်ခုပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။ လာအိုရိုးရာစားသောက်ကုန်ကုမ္ပဏီ Khua Luk Sao Kok ၏ ဒါရိုက်တာ Moukdavan Keovilay ကလည်း ကုမ္ပဏီအနေဖြင့် ဗီယက်နမ်ဖောက်သည်များနှင့် ဖက်စပ်လုပ်ငန်းဆောင်ရွက်ရန် အလားအလာရှိသည့် မိတ်ဖက် များနှင့်ချိတ်ဆက်နိုင်ခဲ့ကြောင်း၊ ထုတ်လုပ်ရေးစက်ရုံတစ်ခုဖွံ့ဖြိုးတည်ဆောက်ရန် ဆွေးနွေးနေပြီး အနာဂတ်တွင် စက်ရုံအကြီးစားအဖြစ် တိုးချဲ့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Ngoc Phuong Essential Oil Production Trading and Services Co., Ltd. ၏ အမှုဆောင် အရာရှိချုပ် Ho Thi Khanh Ngoc က ကုမ္ပဏီအနေဖြင့် ပွဲအတွင်း ရောင်းချမှုအခွင့်အလမ်းများနှင့် အခြားကုမ္ပဏီများအတွက်ထုတ်လုပ်ပေးနိုင်မည့် စာချုပ်အခွင့်အရေးများရရှိခဲ့ကြောင်းနှင့် လာအို ရှိ စူပါမားကတ်လုပ်ငန်းတစ်ခုကလည်း အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ထုတ်ကုန်နမူနာ များလက်ခံရရှိထားကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းများအကြား နားလည်မှုစာချွန်လွှာများနှင့် မူဘောင်သဘောတူညီချက်များ အများအပြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ ထိုရလဒ်များမှတစ်ဆင့် စီးပွားရေးအခွင့်အလမ်း သစ်များ ပေါ်ပေါက်လာစေမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်–လာအို ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ မြှင့်တင်နိုင်ရေးနှင့် အနာဂတ်တွင် မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြစ်သော အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိရေး ကြိုးပမ်းမှုများကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)