
၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ စက်ကိရိယာထုတ်လုပ်မှု ကဏ္ဍသည် ပို့ကုန်တိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်လာခဲ့ပြီး စက်ကိရိယာစက်မှုလုပ်ငန်း၏ ပို့ကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ ယခင်နှစ် ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ စက်မှုပို့ကုန် တိုးတက်မှု၏ နီးပါး ၅၀ ရာခိုင်နှုန်းကို ပါဝင်ပံ့ပိုးပေးခဲ့ကြောင်း တရားဝင်အချက် အလက်များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ယခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ လေအားလျှပ်စစ် တာဘိုင်ဂျင်နရေတာ နှင့် lithium batteries တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် အသီးသီး ၃၅.၆ ရာခိုင်နှုန်းနှင့် ၃၇.၆ ရာခိုင်နှုန်း စီ တိုးတက်ခဲ့ပြီး မော်တော်ယာဉ်တင်ပို့မှုမှာ စီးရေ ၅.၀၉၆ သန်းအထိ ရောက်ရှိခဲ့ကာ ယခင်နှစ်ထက် ၆၅.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ Wang Weiming ၏ ပြောကြားချက်အရ သိရသည်။
တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးကဏ္ဍသည်လည်း ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်မြှင့်တင်နိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် နှစ်စပိုင်းကတည်းက တရုတ်နိုင်ငံ၏ စက်ကိရိယာ ထုတ်လုပ်မှု စက်မှုလုပ်ငန်းသည် ခိုင်မာသောအုတ်မြစ်ရှိခြင်း၊ တိုးတက်မှုများပြားခြင်းနှင့် ပြင်ပ ဝယ်လိုအား အားကောင်းခြင်း စသည့် လက္ခဏာများကိုပြသခဲ့သည်ဟု Wang က ပြောကြားခဲ့သည်။
ယင်းကဏ္ဍ၏ (value-added) ထုတ်လုပ်မှုမှာ ပထမခြောက်လအတွင်း ယခင်နှစ် ကာလတူထက် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သတ်မှတ်ပမာဏထက်ကျော်လွန်သော စက်မှုလုပ်ငန်းများ စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ယင်းသည် စက်မှုလုပ်ငန်း ထပ်ဆောင်းတန်ဖိုး ထုတ်လုပ်မှုတိုးတက်မှု၏ ၂၃.၅ ရာခိုင်နှုန်းကို ပါဝင်ပံ့ပိုးပေးခဲ့ပြီး စက်မှုလုပ်ငန်းငြိမ်ဝပ်စွာ တိုးတက်ရေးအတွက် အားကောင်းသော အထောက်အပံ့ပေးခဲ့ကြောင်း Wang က မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်များလည်း ဆက်လက်တိုးချဲ့နိုင်ခဲ့ရာ စက်မှုလုပ်ငန်းသုံး စက်ရုပ်များနှင့် ဝန်ဆောင်မှုသုံးစက်ရုပ်များ ထုတ်လုပ်မှုသည် ယခင်နှစ် ကာလတူထက် အသီးသီး ၂၈ ရာခိုင်နှုန်းနှင့် ၁၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
စက်ကိရိယာထုတ်လုပ်မှုနှင့် အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုများအားကောင်းစွာ တိုးတက်ခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ စက်မှုထုတ်လုပ်မှု ထပ်ဆောင်းတန်ဖိုးမှာ ခိုင်မာသောနှုန်းထားဖြင့် တိုးတက်ခဲ့ကြောင်း အစောပိုင်း အချက်အလက်များက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
