နာနတ်သီးစိုက်တောင်သူများဈေးကောင်းရနေ

Powered by Drupal

    ကချင်ပြည်နယ်တွင် နာနတ်သီးများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း ဒေသများတွင် စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြပြီး အိမ်ခြံဝန်းများအတွင်း၌ တနိုင်တပိုင် စိုက်ပျိုးကြ ပါသည်။ ကချင်ပြည်နယ်တွင် နာနတ်ကို ဒေသမျိုးအပြင် အသီးအရွယ်ကြီးမားပြီး အသားထူအရည် ရွှမ်းကာ သယ်ယူပို့ဆောင်ရေးဒဏ်ခံနိုင်သည့် ထိုင်းမျိုး  “ smooth Cayenne” နှင့်Queen” မျိုးတို့ကို လည်း စိုက်ပျိုးကြကြောင်းသိရပါသည်။ ကချင်ပြည်နယ်တွင် စိုက်ပျိုးသည့် နာနတ်သီးများအနက် မြစ်ကြီးနားဒေသထွက် နာနတ်သီးသည် အရသာချိုမွှေး၍ ချက်ဆံတိမ်သောကြောင့် စျေးကွက်အတွင်း နာမည်ရလျက်ရှိပြီး မြစ်ကြီးနားမြို့ရှိ မန်ခိန်၊ ရွှေပြည်သာ၊ နန့်ကျင်၊ နောင်နန်း၊ ရွှေစက် ရပ်ကွက်တို့တွင် ခြံများ၊ ယာခင်းများတွင် အများဆုံးစိုက်ပျိုးကြပါသည်။

     နာနတ်စိုက်ပျိုးရေးအတွက် သဲဆန်သောမြေ၊ နှုန်းမြေ၊  ဂဝံမြေနီများသည် အသင့်တော်ဆုံးမြေ များဖြစ်သည်။နာနတ်စိုက်ပျိုးနည်းစနစ်မှာ စိုက်ကျင်းပြုလုပ်စိုက်ပျိုးခြင်းနှင့် ထည်ရေးမြောင်းပြုလုပ် ၍ စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး ကချင်ပြည်နယ်တွင် ထည်ရေးမြောင်း ပြုလုပ်စိုက်ပျိုး နည်းသာ အများစု အသုံးပြုစိုက်ပျိုးလေ့ရှိပါသည်။စိုက်ပျိုးရာတွင်(၁၂ လက်မ- ၁၆လက်မ) အနက်ရှိ ထည်ရေးမြောင်း အတွင်း အပင်စိုက်ပျိုးကြ၍ စိုက်စနစ်အားလုံးအတွက် ပင်ကြား (၁၀ လက်မ) တန်းကြား (၂၄ လက်မ) စိုက်မြောင်းအကွာအဝေး (၃၆ လက်မ)ဖြင့် စိုက်ပျိုးလျှင် တစ်ဧက အပင်အရေအတွက် (၂၄၀၀၀ မှ ၃၀၀၀၀ အထိ) ဝင်ဆံ့စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးချိန်ပုံမှန်ခြား၍ ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ စိုက်ပျိုးခြင်းဖြစ် ဆောင်ရွက်နိုင်ပြီး အပင်စိုက်ပြီး(၁၀-၁၂)လအကြာတွင် ပန်းပွင့်ကာ(၁၅-၁၈)လအကြာတွင် ရိတ်သိမ်း နိုင်သော အဆင့်သို့ရရှိနိုင်ပါသည်။ စိုက်ပျိုးသည့်မျိုး၊ စိုက်ပျိုးစနစ်၊ စိုက်ပျိုးသည့်‌ဒေသနှင့် သက်တမ်း လိုက်၍ တစ်ဧကအထွက်နှုန်း အသီးအရေအတွက် ၂၅၀၀၀ မှ ၃၂၀၀၀(တန်ချိန် ၁၃ တန် မှ ၁၆ တန်)အကြား ထွက်ရှိကြောင်း နာနစိုက်ပျိုးသူတစ်ဦးထံမှ သိရှိရပါသည်။

    မြစ်ကြီးနားဒေသထွက် နာနတ်သီးများသည် ဇူလိုင်လတွင် လှိုင်လှိုင်ထွက်ရှိကာ သီးနှံကုန် သည်များအနေဖြင့် အခင်းပြတ်ဝယ်ယူမှုရှိသလို အလုံးလိုက် ဝယ်ယူမှုများလည်းရှိပါသည်။ အခင်း ပြတ်ဝယ်ယူရာတွင် အခင်းအတွင်း အသီးအရေအတွက်ပေါ်မူတည်၍ အပင်ရေ (၁၀၀၀၀)ပါ အခင်း ကွက်အား ငွေကျပ်(၁၃,၀၀၀,၀၀၀)ကျပ် မှ (၁၄,၀၀၀,၀၀၀) ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း၊ အလုံး လိုက်ဝယ်ယူရာတွင် အလုံးအကြီးအသေးရောရာ တစ်လုံးလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ် အထိ ဝယ်ယူရကြောင်း၊ အခင်းပြတ်ဝယ်ယူရာတွင် အလုံးလိုက် ဝယ်ယူသည့်စျေးနှုန်းထက် လျော့နည်းရခြင်းမှာ ရိတ်သိမ်းခူးဆွတ် လုပ်သားခကိုခုနှိမ် ဝယ်ယူခြင်းကြောင့် ဖြစ်ကြောင်း၊ အသီးပေါ်ရှိ အပင် Crown ပါသည့်အသီးကို ခူးဆွတ်ပါက (၁၀) ရက်မှ (၁၅) ရက် အထိ အပျက်အဆီးမရှိ ထားသိုနိုင် ကြောင်း သီးနှံကုန်သည်တစ်ဦးထံမှသိရပါသည်။ မြစ်ကြီးနားမြို့ နာနတ်သီးလက်လီစျေးအနေဖြင့် အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ ကျပ် အလုံးလတ်တစ်လုံးလျှင် ၂၀၀၀ ကျပ် အလုံးသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း နာနတ်သီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

     မြစ်ကြီးနားနာနတ်သီးကို စျေးကွက်အတွင်းရှိ သစ်သီးအရောင်းဆိုင်များ၊ စျေးများတွင် လက်လီ ရောင်းချလျက်ရှိသလို ‌ဒေသအတွင်း MSMEလုပ်ငန်းရှင်များကလည်း ဒေသတွင်းထွက်ရှိသော နာနတ်သီးများကို နာနတ်သီးဖျော်ရည်၊ နာနတ်သီးခြောက်၊ သကြားမပါသောနာနတ်သီးယို၊ နာနတ်သီး ဝိုင်(Pineapple Wine)  များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ‌စျေးကွက်ထိုးဖောက်နိုင်ရေး ဆောင်ရွက်လျက်ရှိနေသောကြောင့် နာနတ်သီးစိုက် တောင်သူများ ဈေးကောင်းရရှိ၍ အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)