ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေသည့် ဆိပ်ဖြူကြက်သွန်နီ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်း၍ ဇူလိုင်လ (တတိယပတ်)တွင် ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ ကြက်သွန်နီ (ပွဲရုံ)ဈေးကွက်သို့ ဇူလိုင်လ (၁၆)ရက်နေ့မှ (၂၁)ရက်အတွင်း ဒေသတွင်း စိုက်ပျိုးမှုများသော အုံးမှင်ရွာ၊ လက်ဆည်ရွာ၊ ဆူးလေကုန်းရွာ၊ တပ်မရွာ၊ ဝဲမရွာ၊ ဘဲကျရွာ၊ တပေါင်းရွာ၊ ကူရှည်အလယ်စု ကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ပွဲရုံဈေးကွက်သို့ တစ်ရက်လျှင် ကုန်ချိန်ပိဿာ() သောင်းခန့် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

            ဆိပ်ဖြူကြက်သွန်နီဈေးကွက်အတွင်း ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ဝယ်လိုအားများပြီး ကုန်ဝင်နည်း၍ ဈေးနှုန်းမြင့်တက်လာရာ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဝန်းကျင်ခန့်အထိ ရရှိလာကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် အမြင့်ဈေး ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၃၇၀၀) လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀) ယခုဇူလိုင်လ (တတိယပတ်) (၂၁) ရက်နေ့တွင် တစ်ပိ ဿာလျှင် ကျပ်(၅၀၀၀)ခန့်ထိ ဈေးမြင့်တက်လာကြောင်း သိရှိရသည်။

            ဆိပ်ဖြူဈေးကွက်အတွင်း ဇူလိုင်လ (တတိယပတ်)တွင် ကြက်သွန်နီ (ဂျွန်သေး) တစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀) (ဂျွန်လတ်) တစ်ပိဿာလျှင် ကျပ်(၃၇၀၀-၄၃၀၀)နှင့် (ဂျွန်ကြီး) တစ်ပိဿာလျှင် ကျပ်(၄၆၀၀-၄၇၀၀)ပေါက်ဈေးရှိကြောင်း၊ နယ်ဝယ်လက်များမှ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ရက်ဆိုင်းဈေးဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။

          ဘဏ္ဍာနှစ်အလိုက် ကာလတူဈေးနှုန်း နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)ဈေးထိသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)ခန့် အရောင်းအဝယ်ဖြစ်၍ ကျပ် (၄၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ကြက်သွန်စိုက်တောင်သူနှင့် ပွဲစားများ များစွာအကျိုး အမြတ်ရှိကြောင်း သိရှိရသည်။

           ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီကုန်ချိန် ပိဿာ (၃၅၀၀၀၀) ခန့်စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ တင်ပို့ပြီး ပြည်ပဝယ်လက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုများကြောင်း ဆိပ်ဖြူ ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)