ပခုက္ကူကုန်စည်ဒိုင်သို့ ပြည်ပပို့ကုန် ပဲတီစိမ်းများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့  ပဲတီစိမ်းများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အဓိက လာရောက် ရောင်းချသောဒေသမှာ ရေစကြိုမြို့နယ်မှ ပဲတီစိမ်း (သေး) အများဆုံး ဝင်ရောက်ပြီး ပခုက္ကူဒေသပတ်ဝန်းကျင်နှင့် မြစ်ခြေ၊ ကျွန်းဒေသများမှ အရည် အသွေး ကောင်းမွန်သော ပဲတီစိမ်းကြီး (ကျွန်း)များ လာရောက်ရောင်းချကြသည်။ ကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ပဲတီစိမ်း အမျိုးအစားများမှာ ပဲတီစိမ်းကြီး(ကျွန်း) ပဲတီစိမ်း(ကုန်း) ပဲတီစိမ်း(အသေး) ပဲနောက်ဖြစ်ပြီး နေ့စဉ် အိတ်အရေအတွက် တစ်ရက်လျှင် ပိဿာချိန် (၃၀)ဝင်အိတ်ပေါင်း (၃၀၀ မှ ၃၅၀) ကျော်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၎င်းမှတစ်ဆင့် ရန်ကုန် (ဘုရင့်နောင်ပွဲရုံ) နှင့် ပြည်ပ (တရုတ်၊ အိန္ဒိယ)နိုင်ငံများသို့ ဆက်လက်တင်ပို့ရောင်းချကြောင်း သိရသည်။

     ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သော ပဲတီစိမ်း ဈေးနှုန်းမှာ အမျိုးအစားအလိုက်()တင်း(၁၉ပိဿာ)လျှင် ပဲတီစိမ်းကြီး(ကျွန်း) ကျပ် (၇၇၀၀၀-၈၃၀၀၀) ပဲတီစိမ်း(ကုန်း) ကျပ်( ၉၀၀၀၀) ပဲတီစိမ်း(သေး)ကျပ် (၉၅၅၀၀)ပေါက်ဈေးဖြင့် တည်ငြိမ်လျက်ရှိပြီး ပြည်ပပို့ကုန်အလားအလာကောင်းသောကြောင့် ဈေးကွက်ပုံမှန်လည်ပတ်နေသည်။ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲတီစိမ်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးနှုန်းမြင့်တက် လျက်ရှိပါသည်။

ဈေးကွက်သုံးသပ်ချက်

         ပဲတီစိမ်းသည် တရုတ်နှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့နေရသဖြင့် ပခုက္ကူ၊ မြိုင်၊ ရေစကြို ဒေသများတွင် လက်ရှိ၌ နွေပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်မှု ပြီးဆုံးသွားပြီး မိုးပဲတီစိမ်းများ စတင် စိုက်ပျိုးနေသည့် ကာလဖြစ်၍ ဈေးကွက်အတွင်း အဝင်ပုံမှန်ရှိနေပါသည်။ပဲလက်ကျန် နည်းပါး၍ တောင်သူ များနှင့် ပွဲရုံကုန်သည်များက ဈေးလျှော့မရောင်းဘဲ ထိန်းရောင်းနေခြင်းကြောင့် ဈေးနှုန်းခိုင်မာနေခြင်း ဖြစ်ပါသည်။

ဈေးကွက်အလားအလာ

        ဩဂုတ်လအတွင်း မိုးပဲတီစိမ်းအသစ်များ အမြောက်အမြား မထွက်ရှိမီအထိ ပြည်တွင်း လှောင်ပဲ လက်ကျန်နည်းပါးမှုကြောင့် ဈေးနှုန်းသည် လက်ရှိအတိုင်းဆက်လက်ခိုင်မာနိုင်ခြေရှိပါသည်။ ပြည်ပပို့ကုန် ပဲဖြစ်သဖြင့် ဒေါ်လာပေါက်ဈေး အပြောင်းအလဲပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်နိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)