
မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံမြေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ငှက်ပျော စိုက်ပျိုးခြင်း လုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်းသိရှိရသည်။ ဒေသတွင်းကျေးရွာများဖြစ်သော ပတ္တာရွာ၊ သင်္ဘောတင်ရွာ၊ ပိုက်တဲကုန်းနှင့် အနိမ့်ကျေးရွာများသည် ငှက်ပျောပင်များကို မိမိတို့ ခြံဝန်းများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်းနှင့် စီးပွားဖြစ်လည်းစိုက်ပျိုး ကြကြောင်းသိရှိရသည်။ ငှက်ပျောပင်များကို မိုးဦးမကျမီ မေလဆန်းပိုင်းတွင် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကအနေဖြင့် (၁၁၅)ဧကခန့်စိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ငှက်ပျောစိုက်ပျိုးရာတွင် လှံစို့သားတက်အပင်မြင့်မျိုးကို စိုက်ပျိုးထားကြောင်း၊ရခိုင်ငှက်ပျော မျိုးနှင့် ဖီးကြမ်းငှက်ပျောမျိုးကိုစိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်ကို(၇)ပေပတ်လည်အထိပင်ကြား တန်းကြား အကွာအဝေးထား စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းကောင်းစေရန် တစ်ဧကငှက်ပျောပင် (၁၃၀၀) ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး (၅-၆)လအကြာတွင် ငှက်ပျောဖူးများမထွက်မီအချိန်၌ အပင်ခြေ တွင် ဓာတ်မြေဩဇာကို ထည့်သွင်းကျွေးရမည်ဖြစ်ကြောင်း၊ ပန်းပွင့်ပြီးနောက် သားတက် တစ်ခုသာ ထားရှိပြီး မိခင်အပင်မှ မလိုအပ်သော သားတက်အားလုံးကို ဖယ်ရှားရန်လိုအပ်ကြောင်း၊ ငှက်ပျော ကြီးထွားရန် ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးရကြောင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါက အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးချိန်မှ (၈) လအကြာတွင် ငှက်ပျောသီးများရင့်မှည့်၍ စတင်ခုတ်ယူပြီး ဈေးကွက်သို့တင်ပို့ ရောင်းချကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၉)သိန်း ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၉၀၀) အခိုင်ထွက်ရှိကြောင်း၊ ၂၀၂၆ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၄၀၀၀-၅၀၀၀)ကျပ်ခန့်၊ ရခိုင်ငှက်ပျောဖီး တစ်ဖီးလျှင် (၂၀၀၀-၂၅၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ငှက်ပျောအဖီး အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ ထွက်ရှိသော ငှက်ပျောသီးများကို ဒေသတွင်းစားသုံးရန်နှင့် သာရေးနာရေး ပွဲများတွင်လည်း အသုံးပြုသောကြောင့် ရောင်းချရကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် တောင်သာမြို့ သို့တင်ပို့ရောင်းချကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀)သိန်းကျပ် ဝန်းကျင် ခန့်ရရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)
