ကံမမြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် (၁၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး) သည် သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ကံမမြို့ပေါ်ရှိ အမှတ်(၁/၃/၄)ရပ်ကွက်များအတွင်း မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန် ထားသော စားသောက်ကုန်(၁၅)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိနှင့် ဌာန၏ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူရေးရာကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ နေ့လယ် (၀၂:၀၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁)ရပ်ကွက်ရှိမင်းကုန်းအလယ်တန်းကျောင်း(ခွဲ)သို့ အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ဌာန၏ ဥပဒေ ဖြစ်ပေါ်လာပုံ၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူများသိရှိစေဖို့ စားသုံးသူအခွင့်အရေး (၈)ချက်အားအကျယ်တဝင့်ပြောကြားခြင်း၊ မင်းတုန်းမြို့နယ်တာဝန်ခံ၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှ စားသုံးသူများ မဖြစ်မနေသိရှိရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခြင်း၊ သရက်ခရိုင်ရုံးမှ ဒု-ဦးစီးမှူးဒေါ်ရီရီထွေးမှ စားသုံးသူတို့၏တာဝန်များ၊ အစား အသောက်များဝယ်ယူစားသုံးရာတွင် မဖြစ်မနေဝယ်ယူသတိပြုစားသုံးရမည့် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက် များကို သေချာစွာကြည့်ရှုစားသုံးကြပါရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၂၄)ဦး၊ ဆရာ/ ဆရာမ(၁၂)ဦး၊ စုစုပေါင်း (၂၃၆)ဦးနှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး အပါအဝင်(၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)