ဥရောပဖရဲသီးဈေးကွက်မှာ ရောင်းလိုအား ပိုမိုများနေပြီး ယူကရိန်းနိုင်ငံတွင်လည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

 

   ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဥရောပ၏ ဖရဲသီးဈေးကွက်တွင် ရောင်းလိုအား ပိုမိုများပြား သောကြောင့် နိုင်ငံအများစု၌ လက်ကားဈေးနှုန်းများအပေါ် သက်ရောက်မှုရှိပြီး ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ စပိန်နိုင်ငံနှင့် ဂရိနိုင်ငံတို့သည် အဓိက တင်ပို့သူနိုင်ငံများအဖြစ် ဆက် လက် တည်ရှိနေပြီး ကောင်းမွန်သော ရာသီဥတုအခြေအနေများကြောင့် သီးနှံထွက်ရှိမှု ကောင်းမွန် ကာ ဥရောပဈေးကွက်များသို့ ပုံမှန် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

   သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းဖြစ်သည့် FruitVeB ၏ ဖော်ပြချက်အရ စပိန် နိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖရဲသီး စိုက်ပျိုးဧရိယာကို ၁၁ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့သဖြင့် ဟက်တာ ၁၂.၃ ထောင်နီးပါး ရှိလာခဲ့ကြောင်း၊  ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့မှာ စပိန် နိုင်ငံထွက် ဖရဲသီးများ အဓိက တင်ပို့ရာ နိုင်ငံများများ ဖြစ်ကြကြောင်း၊ ဂရိနိုင်ငံရှိ အီလီယာ (Ilia) ဒေသ၏ သီးနှံရိတ်သိမ်းမှုမှာ ဧပြီလကုန်မှ အောက်တိုဘာလအထိ ကြာမြင့်ပြီး ဥရော ပဝယ်ယူသူ များထံ စဉ်ဆက်မပြတ် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယူကရိန်းအပါအဝင် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပဒေသများ၌လည်း ရာသီအလိုက် ရောင်းလိုအားအခြအနေမှာ အမြင့်ဆုံး ရောက်ရှိ၍ လက်ကားဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း၊ တူရကီနှင့် အီရန်တို့တွင် ထုတ်လုပ်မှု နှင့် တင်ပို့မှုများ ပုံမှန်အတိုင်း တည်ငြိမ်လျက်ရှိသော်လည်း ဥဇဘက်ကစ္စတန်၌ ဈေးနှုန်း ကျဆင်း မှုများကို ဇူလိုင်လ အတွင်းတွင် တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

    ဈေးနှုန်းကျဆင်းမှုမှာ ယူကရိန်းနိုင်ငံတွင် ပိုမိုသိသာထင်ရှားခဲ့ပြီး မြို့တော်ကိယက်ဗ် (Kyiv)ရှိ Stolichnyi လက်ကားဈေးတွင် ခါဆွန်ခရိုင်  (Kherson) ၊ ချော်နိုဘာယိဗ်ကာရွာ (Chornobaivka) မှ ခါဆွန်ဒေသထွက် အရည်အသွေးမြင့် စပ်မျိုးဖရဲသီးမျိုးစိတ် Luzitana F1 အမျိုးအစား ဖရဲသီးများကို လက်ရှိတွင် လက်ကားဈေး ၁ Kg လျှင် ၁၁ UAH (Ukrainian Hryvnia) နှင့် လက်လီဈေး တစ်ကီလိုလျှင် ၁၂ UAH ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     လွန်ခဲ့သော ငါးရက်ခန့်က ဖရဲသီးများ၏ လက်ကားဈေးမှာ တစ်ကီလိုလျှင် ၁၅ UAH မှ ၁၇ UAH အကြား ရှိခဲ့ကြောင်း၊ ခါဆွန်ဒေသမှတောင်သူများက စိုက်ခင်းအရောက်ဈေးမှာ ၁ Kg လျှင် ၁၀ UAH ဝန်းကျင်အထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း စိုက်ခင်းမှည့် သဘာဝ ဖရဲသီး အများအပြား ဈေးကွက်အတွင်း ဝင်ရောက်လာသဖြင့် ဈေးကွက်ပါဝင်လှုပ်ရှားသူများက ဈေးနှုန်းများ ထပ်မံကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

    နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်နှစ် ဇူလိုင်လ တတိယ ၁၀ ရက်တာ ကာလအတွင်း ယူကရိန်းနိုင်ငံ၌ ဖရဲသီး ၁ Kg လျှင် ၂၅ UAH ဝန်းကျင်ဖြင့် ရောင်းချခဲ့ရပါကြောင်း၊ သို့ဖြစ်ရာ ယခုနှစ်တွင် ဥရောပနှင့် ယူကရိန်း နှစ်နေရာစလုံး၌ ထွက်ရှိမှု ပိုမိုများပြားလာခြင်းကြောင့် ဈေးနှုန်း များမှာ လွန်ခဲ့သောနှစ် ကာလတူနှင့် ယှဉ်ပါက ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါ သည်။

Source: UKrAgroConsult, 28 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)