အလုပ်အကိုင် ၇၀၀၀ ခန့်ဖန်တီးပေးနိုင်မည့် အင်ဒိုနီးရှား၏ Waingapu ပေါင်းစည်းပုစွန်မွေးမြူရေး စီမံကိန်း

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံ East Nusa Tenggara ပြည်နယ် East Sumba ခရိုင်၌ အကောင်အထည် ဖော်နေသည့် အမျိုးသားမဟာဗျူဟာစီမံကိန်းဖြစ်သော Waingapu ပေါင်းစည်းပုစွန်မွေးမြူရေး စီမံကိန်းသည် အလုပ်အကိုင် ၇,၀၀၀ ခန့် ဖန်တီးပေးနိုင်ပြီး နှစ်စဉ် ပုစွန်တန်ချိန် ၅၂,၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု အင်ဒိုနီးရှားအစိုးရက ခန့်မှန်းထားကြောင်း သိရပါသည်။ အစားအသောက် ရေးရာညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan က ပေါင်းစည်းပုစွန်မွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ပေးရုံသာမက အင်ဒိုနီးရှားအရှေ့ပိုင်းဒေသရှိ ပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးရန်ရည်ရွယ်သည့် အစိုးရ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြခဲ့ပါသည်။ ဧရိယာ ဟက်တာ ၂,၁၅၀ ကျယ်ဝန်းသည့် အဆိုပါပုစွန်မွေးမြူရေးဇုန်သည် အစာနှင့် မျိုးပုစွန်ဖြန့်ဖြူးရေး၊ ပုစွန်မွေးမြူရေးနှင့် ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တစ်လျှောက် အလုပ်အကိုင် ၇,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဒေသခံလုပ်သား ၃,၀၀၀ ခန့် ခန့်အပ်ရန် လက်ရှိတွင် စတင်ဆောင်ရွက်နေပြီး ရွေးချယ်ခံရသူများအား စီမံကိန်းကို ထိရောက်စွာလည်ပတ်နိုင်စေရန် သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။ Waingapu စီမံကိန်းသည် နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး အင်ဒိုနီးရှားရူပီး လေးထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂၁.၄၃ သန်းခန့်) ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အစိုးရက ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖြစ် ရူပီး ၇.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၉၈.၅၈ သန်းခန့်) ထည့်ဝင်ထားကြောင်း သိရပါသည်။ အဆိုပါပေါင်းစည်းမွေးမြူရေးဇုန်တွင် ပုစွန်မွေးကန်များ၊ စွန့်ပစ်ရေ သန့်စင်ရေးစနစ်များ၊ ရေလှောင်ကန်များနှင့် စိမ်းလန်းစိုပြည်ရေးဧရိယာများပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ Hasan က အစိုးရအနေဖြင့် ပုစွန်မွေးကန်များ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေသွင်း မြောင်းများနှင့် လိုအပ်သည့်အထောက်အကူပြုအဆောက်အအုံများကို အမြန်ဆုံးအကောင်အထည်ဖော်နေပြီး ထုတ်လုပ်မှုလုပ်ငန်းများကို အမြန်ဆုံးစတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အစားအသောက်ရေးရာညှိနှိုင်းရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များ ပြည့်မီစေရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းလျက်ရှိပြီး စီမံကိန်းကို ၂၀၂၈ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ Hasan က အဆိုပါအမျိုးသား မဟာဗျူဟာစီမံကိန်းသည် နိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုကိုတိုးမြှင့်ပေးခြင်း၊ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် East Sumba ဒေသခံများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် အရေးပါသည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ထို့ပြင် Waingapu ပေါင်းစည်းပုစွန်မွေးမြူရေးစီမံကိန်းသည် ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်ရေး အခြေခံအဆောက်အအုံများကို ပြည့်စုံစွာပံ့ပိုးပေးခြင်းဖြင့် ပုစွန်ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုထိရောက်စေကာ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်မှုကိုလည်း ပိုမိုချဲ့ထွင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)