အိန္ဒိယတွင် ချည်သားစျေးနှုန်းမြင့်တက်လာပြီး ရောင်းလိုအားကျဆင်းလာခြင်းက လူလုပ်အမျှင် (MMF) သို့ ကူးပြောင်းသုံးစွဲမှုကို ပိုမိုအားကောင်း

Powered by Drupal

    Nuvama Institutional Equities ၏ အစီရင်ခံစာအရ အိန္ဒိယ၏ ချည်သားပိုလျှံမှု ကျဆင်း လာခြင်းက အထည်အလိပ် ထုတ်လုပ်သူများအတွက် ချည်သားစျေးနှုန်းကို မြင့်တက်စေပြီး လူလုပ်အမျှင်များ(Man-made fibres – MMF)ဆီသို့ ကူးပြောင်းရန် လိုအပ်ချက်ကိုလည်း အား ကောင်းစေသည်။

     အဆိုပါ အစီရင်ခံစာတွင် အိန္ဒိယ၏ ချည်သားရောင်းလိုအားနှင့် ဝယ်လိုအားစာရင်းသည် ပိုလျှံမှုအခြေအနေမှ မျှခြေသို့ ဦးတည်ရွေ့လျားနေကြောင်း ထောက်ပြထားသည်။ CS21 ခုနှစ် တွင် အမြင့်ဆုံး ကီလိုဂရမ် ၆.၃၁ ဘီလီယံအထိ ရှိခဲ့သည့် ထုတ်လုပ်မှုသည် CS26 ခုနှစ်တွင် ခန့် မှန်းခြေ ကီလိုဂရမ် ၄.၉၅ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ တင်သွင်းမှုမှာ ကီလိုဂရမ် ၀.၂၆ ဘီလီယံမှ ၀.၈၀ ဘီလီယံသို့ သုံးဆတိုးလာပြီး တစ်ချိန်တည်းတွင် ပြည်ပပို့ကုန်မှာ ၁.၂၈ ဘီလီယံ မှ ၀.၂၀ ဘီလီယံ သို့ သိသိသာသာ ကျဆင်းသွားကြောင်း၊ ထို့ပြင် Shankar-6 ချည်သား ဈေးနှုန်းသည် CS21 ခုနှစ်က တစ်ကီလိုဂရမ်လျှင် ရူပီး ၁၁၀ ရှိရာမှ CS23 ခုနှစ်တွင် ရူပီး ၂၂၁ အထိ မြင့် တက်ခဲ့ပြီး နောက်ပိုင်း တွင် ရူပီး ၁၅၅ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

     နိုင်ငံအလိုက် ကုန်သွယ်စီးဆင်းမှုများသည် အဆိုပါပြောင်းလဲမှုကို ထင်ဟပ်နေကြောင်း၊ အိန္ဒိယချည်ကြမ်း၏ အဓိကဝယ်လက်များအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထည်အလိပ်စက်ရုံများ ပေါ်ထွက်လာနေကြောင်း၊ တစ်ဖက်တွင်မူ အိန္ဒိယတွင် လုံလောက်စွာ မထုတ်လုပ်နိုင်သည့် ချည် နုမျှင်အမျိုးအစားများအတွက် အမေရိကန်နှင့် ဩစတေးလျတို့ထံမှ တင်သွင်းမှုကို ပိုမိုရယူလျက် ရှိကြောင်း သိရှိရသည်။

    အဆိုပါအပြောင်းအလဲ၏ သက်ရောက်မှုများကို မီးမောင်းထိုးပြရာတွင် Nuvama က ချည်ငင်သူများအတွက် ကုန်ကြမ်းအရန်သီးနှံများ လျော့နည်းလာပြီး စျေးနှုန်းအတက်အကျသည် အမြတ်အစွန်းကို တိုက်ရိုက်သတ်မှတ်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ သီးနှံအထွက် နှုန်း စိတ်ပျက်စရာဖြစ်လေတိုင်း အမြတ်အစွန်းကွာဟချက်များ လျော့ကျသွားတတ်ကြောင်း မှတ် ချက်ပြုထားသည်။ သို့သော် လုပ်ငန်းတစ်ခုလုံးအတွက်မူ ချည်ပိုလျှံမှု လျော့ကျလာခြင်းသည် လူလုပ်အမျှင် (MMF) ထုတ်လုပ်မှုစွမ်းအား တိုးချဲ့ရန် အခြေအနေများကို ပိုမိုအားကောင်းစေ ကြောင်း၊ အကြောင်းမှာ အထည်အလိပ်တန်ဖိုးကွင်းဆက်တွင် အမျှင်ရောနှောမှုပုံစံကို ပိုမိုကွဲပြား အောင် ဆောင်ရွက်ရန် လိုအပ်ချက် တစ်ဖြည်းဖြည်း မြင့်တက်လာနေသောကြောင့် ဖြစ်ကြောင်း၊ လယ်ကွင်းမှ အထည်အထိ တန်ဖိုးကွင်းဆက်သည် အစီရင်ခံစာ၏ ကျန်အပိုင်းများ ဆက်လက် စီး ဆင်းသွားမည့်  လမ်းပြမြေပုံဖြစ်ကြောင်း သိရှိရသည်။

    အစီရင်ခံစာက ထပ်လောင်းဖော်ပြရာတွင် အိန္ဒိယသည် ချည်သားပိုလျှံထုတ်လုပ်သူ နိုင်ငံ အနေဖြင့် သမိုင်းကြောင်းအရ ကမ္ဘာ့စျေးနှုန်းများထက် ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ လျှော့ စျေးဖြင့် ဝယ်ယူနိုင်ခဲ့ပြီး ပြည်တွင်းစျေးနှုန်းများကို ပြည်ပပို့ကုန်ညီမျှမှုဖြင့် ဆက်စပ်သတ်မှတ် ထားနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါ ထိုလျှော့စျေးအခွင့်အရေးမှာ လုံးဝပျောက်ကွယ် သွားပြီဖြစ်ကြောင်း၊ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့စျေးနှုန်းနှင့် ညီမျှလာခြင်းသည် အခြေခံ ရောင်း လိုအား - ဝယ်လိုအားအခြေအနေများထက် အကောက်ခွန်ကင်းလွတ်ခွင့်များကို ပိုမိုထင်ဟပ်စေ ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

     အကောက်ခွန်ကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်စတင်ခဲ့သော် လည်း ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ကာလအတွက်သာ ထပ်မံကင်း လွတ်ခွင့်ပြုထားသောကြောင့် ယင်းသက်သာခွင့်မှာ ယာယီသဘောသက်သက်သာဖြစ်ပြီး အထည် အလိပ်စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ခြင်းထက် လယ်သမားများ၏ ဝင်ငွေကို ပံ့ပိုးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Nuvama က သုံးသပ်ထားသည်။

Source: Business Line, 3 Aug 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)