
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး ဦးဆောင်၍ အကြီးတန်းစာရေး ဒေါ်စွဲ့ဇင်မာဖွေးတို့သည် ၁၀-၈-၂၀၂၆ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ သီတာရပ်ကွက်ရှိ အားကစားပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်(၃)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဥ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင် လုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့် အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ခြင်း စသည့်အချက်များအကြောင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
