အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် စိုးရိမ်မှုများရှိနေသဖြင့် ဖိလစ်ပိုင်နိုင်ငံက ဆန်များကို ဆက်လက်တင်သွင်းမည်

Powered by Drupal

         အယ်လ်နီညိုကြောင့် ဆန်ထုတ်လုပ်မှု ကျဆင်းသွားသဖြင့် ဖိလစ်ပိုင်နိုင်ငံသည် လွန်ခဲ့သည့်နှစ်ကဲ့သို့ ဆန်တင်သွင်းမှုကို ရပ်ဆိုင်းခြင်းမပြုဘဲ ဆန်ပြန်လည်တင်သွင်းလျက်ရှိရာ ဗီယက်နမ် ဆန်တင်ပို့သည့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်း ပိုမိုရရှိစေပါသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာန (DA) ၏ ထုတ်ပြန်ချက်အရ ယခုနှစ် နှောင်းပိုင်းတွင် ကြုံတွေ့ရနိုင်သည့် ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကြောင့် နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၇၅၀,၀၀၀ ခန့်အထိ လျော့ကျသွားနိုင်ပြီး ၂၀၂၇ ခုနှစ် အစောပိုင်း နွေရာသီ မရိတ်သိမ်းမီ ကာလတွင် ရောင်းလိုအား လိုအပ်ချက်ကြုံတွေ့ရနိုင်ခြေ မြင့်တက်လာကြောင်း သိရသည်။ ဩဂုတ်လ ၃ ရက်နေ့အထိ စာရင်းများအရ ဖိလစ်ပိုင်နိုင်ငံသည် ဆန်တန်ချိန် ခန့်မှန်းခြေ ၃.၃ သန်းခန့် တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

       စိုက်ပျိုးရေးဝန်ကြီး Francisco P. Tiu Laurel Jr. က လာမည့် စိုက်ပျိုးရိတ်သိမ်းချိန်မတိုင်မီ ဖြစ်ပေါ်လာနိုင်သော ရောင်းလိုအား လိုအပ်ချက်ကို ကြိုတင်ဖြေရှင်းနိုင်ရန် အစိုးရအနေဖြင့် ဆန်လက်ကျန် လုံလောက်စွာရှိနေစေရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

     ဆန်ဆက်လက် တင်သွင်းမှုကြောင့် ဆန်စိုက်တောင်သူများအပေါ် သက်ရောက်မှုကို သက်သာစေရန် အစိုးရသည် အမျိုးသား အစားအသောက် အာဏာပိုင်အဖွဲ့ (NFA) အား ယခုနှစ် မိုးရာသီအတွင်း စိုစွတ်သော စပါး ၁ ကီလိုဂရမ်လျှင် အနည်းဆုံး ၂၁ ပီဆို (ဗီယက်နမ်ဒေါင် ၉,၈၀၀ ခန့်) နှင့် အခြောက်ခံထားသော စပါး ၁ ကီလိုဂရမ်လျှင် ၂၅ မှ ၂၇ ပီဆို (ဗီယက်နမ်ဒေါင် ၁၁,၇၀၀ မှ ၁၂,၆၀၀ ခန့်) နှုန်းဖြင့် ဆန်တန်ချိန် ၅၀၀,၀၀၀ ခန့် ဝယ်ယူရန် ညွှန်ကြားထားသည်။ NFA ၏ ဝယ်ယူမှု ဘတ်ဂျက်ကိုလည်း ၂၀၂၅ ခုနှစ်တွင် ပီဆို ၉ ဘီလီယံ (ဗီယက်နမ်ဒေါင် ၄.၂ ထရီလီယံခန့်) ရှိခဲ့ရာမှ ယခုနှစ်တွင် ပီဆို ၁၄ ဘီလီယံ (ဗီယက်နမ်ဒေါင် ၆.၅ ထရီလီယံခန့်) အထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

      ဤဆုံးဖြတ်ချက်သည် လွန်ခဲ့သည့်နှစ်တွင် အဓိက ရိတ်သိမ်းချိန်အတွင်း ပြည်တွင်းဆန် ဈေးနှုန်းကို အထောက်အကူပြုရန် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဆန်တင်သွင်းမှုကို ဖိလစ်ပိုင်က ယာယီရပ်ဆိုင်းခဲ့သည့် အခြေအနေမှ ပြောင်းလဲလာခြင်းဖြစ်သည်။ ဗီယက်နမ်၏ အကြီးမားဆုံး ဆန်တင်သွင်းသည့် ဈေးကွက်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် လပေါင်းများစွာ ဆန်တင်သွင်းမှုကို လျှော့ချခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ပေးပို့မှု အစီအစဉ်များကို ထိခိုက်ခဲ့ပြီး အချို့မှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ အဝယ်တော်များ ပြောင်းလဲ ရှာဖွေခဲ့ကြရကြောင်း သိရသည်။

       Dong Thap ပြည်နယ်ရှိ ဆန်တင်ပို့သည့် ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်က ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဆက်လက် တင်သွင်းမှုကြောင့် နှစ်ကုန်ပိုင်းတွင် ကုန်ပစ္စည်းပေးပို့ရန် စာချုပ်ချုပ်ဆိုရာ၌ လုပ်ငန်းများအတွက် ပိုမိုလွယ်ကူသွားကြောင်း ပြောကြားခဲ့သည်။ ထိုကုမ္ပဏီ၏ အဆိုအရ သက်သာသောဈေးနှုန်းနှင့် တည်ငြိမ်သော အရည်အသွေးတို့ကြောင့် ဖိလစ်ပိုင်ဈေးကွက်၏ ဝယ်လိုအားမှာ တည်ငြိမ်လျက်ရှိပြီး အထူးသဖြင့် ဗီယက်နမ် အမွှေးနံ့သာ ဆန်အမျိုးအစားများအတွက် ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

        စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ စာရင်းများအရ ယခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ခန့်မှန်းခြေ ၅.၅ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၆၄ ဘီလီယံ ရရှိခဲ့ရာ လွန်ခဲ့သည့်နှစ် တူညီသောကာလနှင့် ယှဉ်ပါက ပမာဏအားဖြင့် ၀.၅ ရာခိုင်နှုန်း တိုးတက်လာသော်လည်း တန်ဖိုးအားဖြင့် ၆.၇ ရာခိုင်နှုန်း လျော့ကျသွားသည်။ ပျမ်းမျှ တင်ပို့သူဈေးနှုန်းမှာ ၁ တန်လျှင် ၄၇၇ ဒေါ်လာ ရရှိခဲ့ပြီး ၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

       ဖိလစ်ပိုင်နိုင်ငံသည် စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၄၅ ရာခိုင်နှုန်းကို ရယူထားပြီး ဗီယက်နမ်၏ အကြီးမားဆုံး ဆန်ဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေသည်။ ယခုနှစ် ပထမ ၆ လအတွင်း ထိုဈေးကွက်သို့ တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ် တူညီသောကာလထက် ၂.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တရုတ်နှင့် ဂါနာနိုင်ငံတို့က အသီးသီး ဈေးကွက်ဝေစု ၁၉.၁ ရာခိုင်နှုန်းနှင့် ၉.၆ ရာခိုင်နှုန်းဖြင့် နောက်မှ လိုက်ပါလျက်ရှိကြောင်း သိရသည်။

         ဗီယက်နမ် စားသောက်ကုန်အသင်း (VFA) ၏ အဆိုအရ ဗီယက်နမ်ဆန်၏ တင်ပို့သူ ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်။ ၅ ရာခိုင်နှုန်း ဆန်ကွဲပါဝင်သော ဆန်ကို ၁ တန်လျှင် ၄၃၁ မှ ၄၃၅ ဒေါ်လာ၊ ၅ ရာခိုင်နှုန်း ဆန်ကွဲပါ အမွှေးဆန်ကို ၁ တန်လျှင် ၅၀၀ မှ ၅၁၀ ဒေါ်လာဝန်းကျင်နှင့် Jasmine ဆန်ကို ၁ တန်လျှင် ၅၅၀ ဒေါ်လာဖြင့် အဆိုပြု ရောင်းချလျက်ရှိသည်။ ဤဈေးနှုန်းများသည် အိန္ဒိယဆန်များထက် မြင့်မားသော်လည်း ထိုင်းဆန်များထက် ပိုမိုသက်သာကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)