ထိုင်းနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးရေးကဏ္ဍသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရ

Powered by Drupal

    အင်အားအလွန်ပြင်းထန်မည်ဟု ခန့်မှန်းထားသော ဆူပါအယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ပိုမိုအားကောင်းလာနေပြီး လာမည့် နှစ်ဆန်းပိုင်း အထိ ရောက်ရှိသွားဖွယ်ရှိသည်။ ယင်းသည် ပြင်းထန်သော မိုးခေါင်ရေရှားမှုများ၊ ရေကြီးရေလျှံမှု များနှင့် သီးနှံရိတ်သိမ်းမှုများ ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်း များစွာအတွက် စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုမိုဆိုးရွားလာစေသည်။ ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့ သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ယင်း၏ ရိုက်ခတ်မှုကို စတင်ခံစားနေရပြီ ဖြစ်ကြောင်း  သတင်းထောက် တစ်ဦးဖြစ်သူ Dusita Saokaew က ထိုင်းနိုင်ငံ၊ Nakhon  Pathom မြို့မှ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

      စိုက်ပျိုးစရိတ်များ မြင့်မားနေပြီး အထွက်နှုန်းများကလည်း နည်းနေကြောင်း၊ ထွက်ရှိလာ သည့် သီးနှံများ၏ ဈေးနှုန်းသည်လည်း အလွန်ပင် ကျဆင်းနေကြောင်း၊ လယ်သမားများအနေဖြင့် ရှေ့ဆက်၍ တောင့်ခံနိုင်မည် မဟုတ်ကြောင်း လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။ ယနေ့ အချိန်၌ စိုက်ပျိုးရာသီတိုင်းသည် အလောင်းအစားတစ်ခုလို ဖြစ်လာခဲ့ပါကြောင်း၊ ပုံမှန်မဟုတ် သည့် မိုးရွာသွန်းမှုတစ်ခုကြောင့် လပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုများသည် အကုန်ပျက်စီး သွားနိုင်ပါသည်။

   Nakhon Pathom ခရိုင်သည် ထိုင်းနိုင်ငံ၏ ဆန်စပါးသမိုင်းကြောင်း စတင်ခဲ့သည့် နေရာ ဖြစ်ကြောင်း၊ မျိုးဆက်ပေါင်းများစွာ တိုင်အောင် လယ်သမားများသည် လယ်ကွင်းများ၌ နိုင်ငံ၏ အရေးအကြီးဆုံး သီးနှံများထဲမှ တစ်ခုဖြစ်သည့် စပါးကို စိုက်ပျိုးခဲ့ကြပြီး ပြည်တွင်း ဈေးကွက်များ နှင့် ကမ္ဘာတစ်ဝန်းရှိ လူသန်း ပေါင်းများစွာအတွက် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ သီးနှံအမျိုးအစား များမှာ အများကြီး ပြောင်းလဲမသွားခဲ့သော်လည်း စိုက်ပျိုးရသည့်  ပတ်ဝန်းကျင်အခြေအနေများ မှာမူ  ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် လူနေမှုဘဝ ပုံစံများသည် ယခုအချိန်တွင် ကန့်သတ်ချက်များ၊ အခက်အခဲများနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတင်းထောက်တစ်ဦးဖြစ်သူ Dusita Saokaew က ပြောကြားခဲ့ သည်။

    ဆန်စပါး စိုက်ပျိုးရေးတွင် ရေမရရှိပါက အကုန် အဆုံးသတ်သွားပြီဖြစ်ပြီး လယ်သမားများ အတွက် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုဖြစ်ကြောင်း စပါးစိုက်ပျိုးသူ Pairach Sengchareon က ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ပေါင်းများစွာတိုင်အောင် ခန့်မှန်းရခက်ခဲပြီး မမှန်မကန်ဖြစ်လာသည့် ရာသီဥတုဆိုးရွားမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ထိုင်းနိုင်ငံ၏ ဆန်စပါးကဏ္ဍသည် စိုးရိမ်ဖွယ်ရာ အခြေအနေသစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

   ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် အရှေ့တောင်အာရှ တစ်လွှားတွင် ပိုမို ပူပြင်းသော အပူချိန်များနှင့် ကာလရှည်ကြာ မိုးခေါင်ရေရှားမှုများကို သယ်ဆောင်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားကြသည်။ ပြီးခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေလှောင်တမံများ ခန်းခြောက်ခဲ့ရပြီး လယ်ကွင်းများခြောက်သွေ့ကာ သီးနှံအထွက်နှုန်းများ ထိုးကျသွားခဲ့သည်။ သို့သော် ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် စိုက်ပျိုးရေးကဏ္ဍ ကို စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိသော အနုတ်လက္ခဏာ ဆိုးကျိုးများဆီသို့ တွန်းပို့သွားနိုင်သည်။ ယင်းသည် ထုတ်လုပ်မှု၊ ပို့ကုန်နှင့် ကျေးလက်ဝင်ငွေများအားလုံးကို တစ်ပြိုင်နက်တည်း ထိခိုက် စေနိုင်သည့် ကပ်ဘေးအန္တရာယ်ဖြစ်နိုင်ကြောင်း သိရသည်။

   ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် စံချိန်တင် ပြင်းထန်နိုင်လိမ့်မည်ဟု ယူဆ ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍများ၌ အကြမ်းဖျင်းအားဖြင့် ထိုင်းဘတ်ငွေ ၆၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၈၄ ဘီလီယံ) နီးပါး ဆုံးရှုံးသွားနိုင်ကြောင်း ခန့်မှန်းထားပြီး စပါး ပမာဏအားဖြင့် အကြမ်းဖျင်း တန်ချိန် ၅.၄ သန်းနီးပါး စနစ်တစ်ခုလုံးမှ ပျောက်ကွယ်သွားနိုင်ပါ ကြောင်း Krungthai ဘဏ်မှ သုတေသနလေ့လာသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

    သုတေသန ဗဟိုဌာနတွင် သိပ္ပံပညာရှင်များသည် ပြောင်းလဲလာသော ရာသီဥတုနှင့် အပြိုင် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းနေလျက်ရှိပါသည်။ အထွက်နှုန်း ပုံမှန်ရရှိပြီး ပိုမိုကြာရှည်သည့် မိုးခေါင်ရေရှားမှုများကို တောင့်ခံနိုင်စွမ်းရှိသည့် ဆန်စပါးမျိုးကောင်းမျိုးသန့်များကို ဖန်တီးထုတ် လုပ်နေကြပါကြောင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် မျိုးစပ်စိုက်ပျိုးခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာ သုတေသနများကို အသုံးပြုပြီး မိုးခေါင်မှုသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာနိုင်ပြီး အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်မည့် ဆန်စပါးမျိုးများကို ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

    ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် ကျွန်ုပ်တို့ ခန့်မှန်းထားသည့်အတိုင်း ပြင်းထန်ခဲ့ပါက စားနပ်ရိက္ခာ လုံခြုံရေးအပေါ် အမှန်တကယ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။ ရေခြိုးခြံစိုက်ပျိုးနိုင်သည့် စပါး (Water-saver rice) ဆိုသည်မှာ လွန်ခဲ့သည့် ၁၀ နှစ်နီးပါးက စတင် လုပ်ဆောင်ခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ Sheffield တက္ကသိုလ်အပါအဝင် တရုတ်နိုင်ငံ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဗီဇဆဲလ်ကို စတင်ရှာဖွေခဲ့ခြင်း ဖြစ်သည့်အတွက် အချိန် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း အဆိုပါ စပါးမျိုးသည် ပုံမှန် စပါးများထက် ရေအသုံးပြုမှုကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါကြောင်း ဆန်စပါး သိပ္ပံဗဟိုဌာန ညွှန်ကြားရေးမှူး၊ Kasetsart တက္ကသိုလ်မှ DR. Siwaret Arikit မှ ပြောကြားခဲ့သည်။

Source: China Global Television Network, 11 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)