
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့ မတ်ပဲ အဓိကဝင်ရောက်ပြီး စိုက်ပျိုးသည့် ဒေသများမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်ရှိ ကုန်းမြင့်ဒေသများ၊ ကိုင်းကျွန်းဒေသများနှင့် ကုန်းပိုင်းဒေသကျေးရွာများဖြစ်သည်။ ပခုက္ကူကုန်စည်ဒိုင်သည် အဆိုပါ ဒေသများမှ ထွက်ရှိသော မတ်ပဲနှင့်အခြားပဲမျိုးစုံကို ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်ကြီးများသို့ ပြန်လည်ရောင်းချသည့် အဓိကအချက်အချာ ကျသော ဒေသတွင်း ပဲဈေးကွက်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၆ ခုနှစ် ဩဂုတ်လ(ဒုတိယပတ်)တွင် မတ်ပဲဈေးနှုန်းသည် (၁)တင်း လျှင် ကျပ်(၉၀၀၀၀ - ၁၀၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀၀)ဝန်းကျင်ခန့် ဈေးမြင့်တက်လျက်ရှိပါသည်။ မတ်ပဲ ဈေးကွက်သည် အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားနှင့်ကုန်သွယ်မှုအပေါ် အခြေခံ၍ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရသည်။
ယခုကာလသည် မတ်ပဲအသစ်ပေါ်ချိန် မဟုတ်ဘဲ ပဲအဝင်ပါးသည့် ကာလဖြစ်သဖြင့် လက်ကျန်နည်းပါးခြင်းက ဈေးကို မြင့်တက်စေသည်။ မတ်ပဲစားသုံးသူ အိန္ဒိယနိုင်ငံတွင် ရာသီဥတုဖောက်ပြန်၍ အထွက်နှုန်းလျော့ခြင်းကြောင့် မတ်ပဲကို ပိုမိုဝယ်ယူနေရသည်။ ကုန်စည်ပို့ဆောင်ခ၊ စက်သုံးဆီဈေးနှင့် လုပ်အားခများ မြင့်မားလာခြင်းကြောင့် ကုန်သည်များ၏ အခြေခံကုန်ကျစရိတ် မြင့်တက်၍ ဈေးတက်ရခြင်း ဖြစ်သည်။
လက်ရှိကာလသည် လက်ကျန် နည်းချိန်ဖြစ်ပြီး အိန္ဒိယမှ ဝယ်လိုအား ပြန်တက်လာပါက ဈေးထပ်မံတက်နိုင်ခြေရှိသည်။ ပခုက္ကူဒေသထွက် မတ်ပဲများကို ဖုန်၊ သဲ၊ ခဲ ကင်းစင်အောင် သန့်စင်ပြီးမှ ရောင်းချပါက ပိုမိုကောင်းမွန်သော ဈေးနှုန်းရရှိနိုင်သည်။ အိန္ဒိယ၏ စိုက်ပျိုးမှုအခြေ အနေနှင့် ၎င်းတို့၏ သီးနှံထွက်ရှိမည့် ခန့်မှန်းချက်များကို စောင့်ကြည့်၍ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။
DOCA(မကွေး)
