စားသောက်ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံဖြင့် အာဆီယံတွင် စတုတ္ထနေရာတွင်ရပ်တည်နေသည့် အင်ဒိုနီးရှား

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ၏ စားသောက်ကုန် (Food and Beverage - F&B) တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံရှိပြီး အာဆီယံဒေသအတွင်း စားသောက်ကုန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိကြောင်း ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Estiက ပြောကြားခဲ့ပါသည်။ ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်သူများအား အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကွန်ရက်များကိုအသုံးချ၍ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက အားပေးဆောင်ရွက်နေသဖြင့် လက်ရှိတင်ပို့မှုပမာဏကို ထပ်မံတိုးမြှင့်နိုင်မည်ဟုမျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ “လက်ရှိ အင်ဒိုနီးရှား၏ စားသောက်ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံရှိပြီး အာဆီယံနိုင်ငံများအနက် စတုတ္ထနေရာတွင်ရပ်တည်နေသည်” ဟု ဒုတိယဝန်ကြီးက ဩဂုတ် ၁၂ ရက်က ဂျကာတာမြို့ရှိ ကုန်သွယ်ရေးဝန်ကြီးဌာန၌ ပြောကြားခဲ့ကြောင်း သိရပါသည်။ အာဆီယံ  ဒေသတွင် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖြင့် စားသောက်ကုန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပြီး ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် တိုးချဲ့ရောင်းချနိုင်မည့် အခွင့်အလမ်းများ ကျယ်ပြန့်နေကြောင်း ဒုတိယဝန်ကြီးက ထောက်ပြပြောကြားပြီး ပြည်ပတင်ပို့ရန် အဆင်သင့်ဖြစ်နေသည့်လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ဝန်ကြီးဌာနက ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ ကုန်သွယ်ရေးသံမှူးရုံးများနှင့် အင်ဒိုနီးရှား ကုန်သွယ်မှုမြှင့်တင်ရေးစင်တာများ (ITPCs) ကို အသုံးပြု၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာဝယ်ယူသူများအကြား ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၌ ဟာလာလ် (Halal) စားသောက်ကုန်ဈေးကွက် အလားအလာကောင်းများရှိနေသဖြင့် အင်ဒိုနီးရှားစားသောက်ကုန်များအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားစားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများက ပြည်ပနိုင်ငံများတွင် တိုးချဲ့ဖွင့်လှစ်လာခြင်းကြောင့် အင်ဒိုနီးရှား စားသောက်ကုန်များ၏ နိုင်ငံတကာဈေးကွက်ဝင်ရောက်မှုလည်း ပိုမိုအားကောင်းလာကြောင်းနှင့် ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ အင်ဒိုနီးရှားနိုင်ငံသားများသည်လည်း အင်ဒိုနီးရှားစားသောက်ကုန်များအတွက် အရေးပါသည့် စားသုံးသူဈေးကွက်တစ်ခုဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)