ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ  ထည့်သွင်းရေး ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊  တာဝန်ခံဦးမျိုးဝင်းသန်း နှင့် ဝန်ထမ်း()ဦးတို့သည် ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့် သွင်းဖော်ပြစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး အသိပညာပေး ခဲ့ကြောင်း သိရသည်။

    မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ ဒေသတွင်းထုတ်ကုန်များ အရည်အသွေးပြည့်မီစေရန်အတွက် ထုတ်လုပ်သည့် မုန့်ထုပ်ပိုးမှုများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် သတ်မှတ်ချက်အတိုင်း ပြည့်စုံစွာဖော်ပြရန်၊ မုန့်များထုတ်လုပ်ရာတွင် ခွင့်မပြုဆိုးဆေးများနှင့် သက်တမ်းလွန် ကုန်ကြမ်းများ အသုံးမပြုရန်၊ ထုတ်လုပ်သည့် လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်စေရန် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး ရက်စွဲကို စနစ်တကျ ရိုက်နှိပ်ရောင်းချရန် သိပညာပေးခဲ့ကြောင်း သိရသည်။

     "လုပ်ငန်းရှင်တွေအနေနဲ့ ကုန်စည်တွေ ထုတ်လုပ်ရောင်းချတဲ့နေရာမှာ အမြတ်အစွန်းတစ်ခု တည်းကိုပဲမကြည့်ဘဲ စားသုံးသူမိဘပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုကို ပထမဦးစားပေးအနေနဲ့ အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု မြို့နယ်တာဝန်ခံက ပြောကြားခဲ့ကြောင်း၊ ယင်းနောက် ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက် လက်ရှိလည်ပတ်နေမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်တာဝန်ခံက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)