ကမ္ဘောဒီးယား၏ အာဆီယံဒေသတွင်း ကုန်သွယ်မှုပမာဏ ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်

Powered by Drupal

        ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လအတွင်း အမေရိကန်ဒေါ်လာ ၁၁.၆၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလတွင် ရရှိခဲ့သည့် ဒေါ်လာ ၉.၆၇ ဘီလီယံထက် ၂၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန (MoC) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါကာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံနိုင်ငံများသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၃.၅၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၀.၁၄ ရာခိုင်နှုန်းသာ အနည်းငယ်မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် အာဆီယံနိုင်ငံများမှ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၈.၁၄ ဘီလီယံအထိ ရှိခဲ့ပြီး ၃၂.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အာဆီယံဒေသတွင်း ကုန်သွယ်မှုသည် အဆိုပါ (၇) လအတွင်း ကမ္ဘောဒီးယား၏ ကမ္ဘာ့နိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅.၄၈ ဘီလီယံ၏ ၂၅.၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ကမ္ဘောဒီးယား၏ အာဆီယံဒေသတွင်း အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားသုံးပစ္စည်းများ၊ ဆိုလာပြားများ၊ ကားတာယာများ၊ လျှပ်စစ်ပစ္စည်းများအပြင် ဆန်၊ သီဟိုဠ်စေ့၊ ရာဘာအစေး၊ ပီလောပီနံ၊ ဒူးရင်းသီးနှင့် ငှက်ပျောသီး စသည့် စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ကြသည်။ ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံ လေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က အာဆီယံဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်ရှိုင်းလာခြင်းကြောင့် ကုန်သွယ်မှု တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Thong Mengdavid က အာဆီယံဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုခိုင်မာလာခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတိုးချဲ့လာခြင်းနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကဲ့သို့သော ဒေသတွင်းမူဘောင်များက ကုန်သွယ်မှုတိုးတက်မှုကို အားပေးနေကြောင်း ပြောကြားခဲ့သည်။ အနာဂတ်တွင်လည်း ဒေသတွင်းဝယ်လိုအား တိုးတက်လာခြင်း၊ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းနှင့် ဒေသတွင်းထုတ်လုပ်မှုကွန်ရက်များ ဆက်လက်တိုးချဲ့လာခြင်းတို့ကြောင့် ကမ္ဘောဒီးယားနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုသည် နှစ်စဉ် ၁၀ ရာခိုင်နှုန်း ကျော် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)