
ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမ (၇)လအတွင်း အမေရိကန်ဒေါ်လာ ၂၈.၂၇ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလက ဒေါ်လာ ၂၂.၉၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၂.၉၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘောဒီးယား၏ RCEP အဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၆.၄၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလက ဒေါ်လာ ၅.၇၇ ဘီလီယံထက် ၁၁ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ အဆိုပါကာလအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၂၁.၈၅ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၉၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သည် ကမ္ဘောဒီးယား၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP ကဲ့သို့သော ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက်ကြီးသည် ကမ္ဘောဒီးယားကို ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များအတွင်း ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ရန် အထောက်အကူပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ RCEP သဘောတူညီချက်အရ အကောက်ခွန်နှုန်းထား အထူးအခွင့်အရေးများ ရရှိလာခြင်းကြောင့် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် စျေးကွက်ဝင်ရောက်နိုင်မှု ပိုမိုကျယ်ပြန့်လာပြီး ပြည်တွင်းထုတ်ကုန်များအတွက် ရရှိပြီးသားဈေးကွက်များအပြင် ဖြည့်စွက်ဈေးကွက်အသစ်များကိုလည်း ဖန်တီးပေးနိုင်ခဲ့ကြောင်း Sovicheat က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် ကမ္ဘောဒီးယားနှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၄၀.၂ ဘီလီယံရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၉.၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များတွင် အဝတ်အထည်၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်၊ သားရေထုတ်ကုန်များ၊ ကောက်ပဲသီးနှံများ၊ ပရိဘောဂများ၊ ရော်ဘာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ ပုလဲ၊ အရုပ်များနှင့် အထည်အလိပ်များ ပါဝင်သည်။ အဓိကသွင်းကုန်များမှာ အဝတ်အထည် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများဖြစ်ကြသည်။ ထို့အပြင် ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ပထမ (၇) လအတွင်း ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် ၂၀.၇၄ ရာခိုင်နှုန်း မြင့်တက်ကာ ကန်ဒေါ်လာ ၁၁.၆၈ ဘီလီယံအထိရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
