
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထောပတ်သီးသည် ကျန်းမာရေးနှင့် ညီညွတ်သောရာသီစာသီးနှံဖြစ်သဖြင့် အိမ်ထောင်စုများအပြင် အလှူအတန်းနှင့် ပွဲလမ်းသဘင်များအတွက်ပါ ဝယ်လိုအား ပုံမှန်ရှိနေခြင်းကြောင့် ယခုလို ဝါတွင်းကာလ၌ ပို၍ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့သို့ ဝင်ရောက်လာသည့် ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ကြီး၊ ကလော၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို)ဒေသများမှ အဓိက ဝင်ရောက်လျက်ရှိပြီး တောင်ကြီးမှ ပခုက္ကူမြို့သို့ လာသည့်လမ်းကြောင်းများအတိုင်း လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ်မူတည်၍ ဝင်ရောက်လျက်ရှိသည်။ စားသုံးသူများအကြား ကျန်းမာရေးအကျိုးကျေးဇူးများသောကြောင့် ဝယ်လိုအားကောင်းမွန်သည့်အပြင် အနီးနားရှိ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များမှ လက်လီ ကုန်သည်များကပါ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဈေးဖြင့် ရောင်းချလျက် ရှိပါသည်။ ယခင်လ (ဇူလိုင်လ)ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုလတွင် တစ်ပိဿာ လျှင်ကျပ်(၁၀၀၀) ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကိုတွေ့ရပါသည်။ ထောပတ်သီးသည် ရာသီစာသီးနှံဖြစ်သဖြင့် ကုန်ဝင်ရောက်မှုပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ဇူလိုင်လထက်စာလျှင် ဩဂုတ်လလယ်ပိုင်းတွင် ထောပတ်သီးများ အဝင်အနည်းငယ်ပါးသွားသဖြင့် ပစ္စည်းပြတ်လပ်မှု မရှိစေရန် သိမ်းဆည်းရောင်းချရမှုကြောင့် ဈေးတက်ခြင်းဖြစ်သည်။ ပခုက္ကူမြို့ပေါ်နှင့် ပတ်ဝန်းကျင် မြို့နယ်များတွင် ထောပတ်သီးကို ဖျော်ရည်အဖြစ်လည်းကောင်း၊ စားသုံးရန်လည်းကောင်း ကျန်းမာရေးလိုက်စားသူများက ပိုမိုဝယ်ယူလာကြသဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
