
ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးနှင့် ခေတ်မီဆန်းသစ်ရေး တို့အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးပါကြောင်း ကျွမ်းကျင်သူများ က ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ အသစ်စတင်ထူထောင်လိုက်သည့် အာဆီယံ စိုက်ပျိုးရေးကုန်သည်ကြီး များအသင်း၏ ကိုယ်စားလှယ် Keo Rithy က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်စလုံးအတွက် အကျိုးအမြတ် ရရှိစေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိက ပံ့ပိုးကူညီသူဖြစ်လာကြောင်းနှင့် တရုတ်နိုင်ငံ၏ အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများ၊ အရင်းအနှီးများနှင့် နည်းစနစ်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ ခေတ်မီလာစေရန် ကူညီပေးလိုသည့် တရုတ်ရင်းနှီးမြှုပ်နှံ သူများကို အပြည့်အဝကူညီရန် အာဆီယံ စိုက်ပျိုးရေးကုန်သည်ကြီးများအသင်းက အသင့်ရှိ ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။ CM Resources စိုက်ပျိုးရေးကုမ္ပဏီ၏ ဒါရိုက်တာ Seang Vibol က တရုတ်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိခြင်းသည် ရေရှည်တည်ငြိမ်မှုကို ဖန်တီးပေးနိုင်ခဲ့ပြီး ကမ္ဘောဒီးယားတောင်သူများကို များစွာအကျိုးပြုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အောင်မြင်သော အဆင့်မြင့်စိုက်ပျိုးရေး နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် ကမ္ဘောဒီးယားတောင်သူများအား အထွက်နှုန်းကောင်းသည့် သီးနှံများ စိုက်ပျိုးနိုင်ရန် နည်းပညာအသိပညာများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးစီးပွားရေး အခင်းအကျင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား အားကောင်းသော စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ နဂါးမောက်သီး၊ အုန်းသီးနှင့် ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ခဲ့သည်။
ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်၊ တရုတ်-အာဆီယံ လေ့လာရေးစင်တာမှ ဒုတိယဒါရိုက်တာ Thong Mengdavid က အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးစက်ကိရိယာများနှင့် ကျွမ်းကျင်မှုများကို တိုးတက်စေသည့် စီးပွားရေးအသက်သွေး ကြောတစ်ခုဖြစ်ကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ စက်မှုလယ်ယာစနစ်၊ ရေသွင်းရေမြောင်းစနစ်၊ စမတ်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်၊ ဒရုန်းများနှင့် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်မှုများသည် ကမ္ဘောဒီးယား၏ ဒေသတွင်းအခြေအနေများနှင့် ကိုက်ညီအောင် လိုက်လျောညီထွေအသုံးပြုနိုင်ပါက တန်ဖိုးရှိသော သင်ခန်းစာများဖြစ်ကြောင်း Mengdavid က ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် ပူးတွဲ သုတေသနများ၊ စံပြစိုက်ခင်းများနှင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
