အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် “အပြည်ပြည်ဆိုင်ရာ စားအုန်းဆီဆိုင်ရာ ဆွေးနွေးပွဲ” တွင် စားအုန်းဆီ နှင့်ပတ်သက်၍ အယူအဆအလွဲများကို ပိုမိုနားလည်သဘောပေါက်ရန် တိုက်တွန်း

Powered by Drupal

 

    အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် “အပြည်ပြည်ဆိုင်ရာ စားအုန်းဆီဆိုင်ရာ ဆွေးနွေးပွဲ ၂၀၂၆” Palm Conversations International India 2026 (PCI) တွင် စားအုန်းဆီနှင့်ပတ်သက်သည့် အမြင်များကို ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်ရန် တိုက်တွန်းခဲ့ပြီး ထိုဆွေးနွေးပွဲ၌ “ဆီအုန်းပင်မှရရှိသော ဇီဝဓာတ်ကြွင်းများ၏ အစွမ်း - မကူးစက်နိုင်သော (နာတာရှည်)ရောဂါ (NCDs) များ ရင်ဆိုင်နေရသည့် ကမ္ဘာကြီးအတွက် ကျန်းမာရေးကို ပြန်လည်ပုံဖော်ခြင်း” ဟူသော ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

   မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ကြီးမှူးကျင်းပသော ထိုဆွေးနွေးပွဲသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။ ထိုအစီအစဥ်၌ သုတေသနပညာရှင် များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ အာဟာရဆိုင်ရာ ကျွမ်းကျင် ပညာရှင် များ၊ မူဝါဒချမှတ်သူများနှင့် စက်မှုလုပ်ငန်းရှင်များ အတူတကွ ပါဝင်ခဲ့ကြပြီး မလေးရှား စားအုန်း ဆီနှင့် ပတ်သက်၍ ပေါ်ထွက်လာသည့် အထောက်အထားများအား စစ်ဆေးရန်နှင့် စားအုန်းဆီ တွင် သဘာဝအလျောက်ပါဝင်သည့် ဇီဝဓာတ်ကြွင်းပစ္စည်းများ (bioactive compo unds) နှင့် ၎င်းတို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့ ကြပါသည်။ ၎င်းအပြင် MPOC သည် မလေးရှားနိုင်ငံ၏ အကြီးမားဆုံး စားအုန်းဆီတင်ပို့သော စျေးကွက်များအနက် တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် သိပ္ပံနည်းကျ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုခိုင်မာ‌စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

   MPOC ၏ အမှုဆောင်အရာရှိချုပ် Belvinder Sron က အပြည်ပြည်ဆိုင်ရာ စားအုန်းဆီ ဆိုင်ရာ ဆွေးနွေးပွဲသည် ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်သူများစုစည်းကာ ခိုင်မာသည့် သိပ္ပံနည်းကျ အချက်အလက်များကို အခြေခံ၍ ပွင့်လင်းစွာ ဆွေးနွေးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး သိပ္ပံနှင့်အာဟာရဆိုင်ရာ အသိပညာများကို ဖလှယ်ခြင်းဖြင့် လူတို့၏ ကျန်းမာရေး နှင့် ပိုမိုကောင်းမွန်သောဘဝများ ရရှိစေရန် မည်သို့အထောက်အကူ ပြုနိုင်သည်ကိုလည်း ထပ်မံပြောကြားခဲ့ပါသည်။ ထို့အပြင် မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့အတွက်လည်း သိပ္ပံ၊ အာဟာရ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် ဆန်းသစ်တီထွင်မှုများတွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်းကိုလည်း Belvinder Sron က ထပ်ဆင့်ပြောကြားခဲ့ပါသည်။

    မီဒီယာထုတ်ပြန်ချက်တွင် အဆိုပါအစည်းအဝေး၌ တင်ပြခဲ့သော သိပ္ပံဆိုင်ရာ အချက် အလက်များအရ စားအုန်းဆီ၏ အဆီပါဝင်မှုတစ်ခုတည်းကိုသာ အခြေခံ၍ သုံးသပ်ခြင်းထက် စားသုံးသူ၏ စားသောက်မှုပုံစံတစ်ခုလုံး၊ စားအုန်းဆီ၏ မော်လီကျူးဖွဲ့စည်းပုံ၊ ချက်ပြုတ်မှုပုံစံနှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများကို ထည့်သွင်းစဥ်းစားရန်လိုအပ်ကြောင်း ဖော်ပြ ထား ပါသည်။

   အိန္ဒိယနိုင်ငံရှိ  Makreo Research and Consulting ကိုယ်စားပြု၍ ကျန်းမာရေး စောင့်ရှောက် မှုဆိုင်ရာ အကြံပေး Vishal Malhotra က အိန္ဒိယနိုင်ငံတွင် လူတစ်ဦးလျှင် နှစ်စဥ် စားသုံးသော ဆီ ပမာဏမှာ ၂၃.၅ ကီလိုဂရမ်ခန့်ရှိကြောင်း၊ ထိုပမာဏမှာ အိန္ဒိယဆေးဘက်ဆိုင် ရာ သုတေသန ကောင်စီ (ICMR) က အကြံပြုထားသည့် လူတစ်ဦးလျှင် နှစ်စဥ် စားသုံးသော ဆီပမာဏ ၁၂ ကီလို ဂရမ်ခန့် သိသိသာသာ ပိုများနေပီး နေ့စဥ်စားသောက်မှုပုံစံတွင် အာဟာရမျှတမှုနှင့် ဆီသုံးစွဲမှု ပမာဏကို သင့်တင့်စွာ သုံးစွဲရန်လိုအပ်ကြောင်း ထောက်ပြခဲ့ပါသည်။

   အစည်းအဝေးတွင် တင်ပြခဲ့သည့် နှလုံးနှင့်သွေးကြောဆိုင်ရာ စာတမ်း ၄,၅၁၅ စောင်ကို လေ့လာသုံးသပ်ကြည့်လျှင် စားအုန်းဆီစားသုံးမှုနှင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကြောင့် သေဆုံးမှုများသည် ဆက်စပ်မှုမရှိကြောင်း တွေ့ရှိရပြီး သိပ္ပံ ဆိုင်ရာ အထောက်အထားများတွင် ကန့်သတ်ချက်များရှိနေကြောင်း တွေ့ရပါသည်။ ထိုတင်ပြ ချက်တွင် စားအုန်းဆီ၏ သဘာဝအရ တစ်စိတ်တစ်ပိုင်းခဲနေသောပုံစံ (semi-solid structure) သည် စက်ရုံထုတ် trans fats များကဲ့သို့ partial hydrogenation ပြုလုပ်ရန်မလိုဘဲ အသုံးပြု၍ ရကြောင်း အလေးပေးဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ချက်ပြုတ်ရာတွင် ထည့်သွင်းစဥ်းစားသင့် သည့် အပူဒဏ်နှင့် အောက်ဆီဂျင်ဓာတ်ပြုမှုဆိုင်ရာ ခံနိုင်ရည်ရှိမှု (thermal and oxidative stability) တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

   ထိုအစည်းအဝေး၏ အဓိကအကြောင်းအရင်းမှာ ဆီအုန်းပင်မှရရှိသော ဇီဝဓာတ်ကြွင်း ပစ္စည်းများ (palm-derived bioactives) ဖြစ်ပြီး အထူးသဖြင့် တိုကိုထရီနောလ် (tocotrienols) နှင့် ဖီနောလစ် (phenolics)ဓာတ်များသည် နာတာရှည်ရောဂါ (NCDs) များအပေါ် သက်ရောက် နိုင်ကြောင်းတို့ကိုလည်း ဆွေးနွေးခဲ့ပါသည်။ အမေရိကန်နိုင်ငံရှိ တောင်ပိုင်းကယ်လ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ Roger Clemens သည် အဆိုပါဓာတ်များသည် နှလုံးနှင့်သွေးကြောဆိုင်ရာ ကျန်းမာရေးနှင့် ရောင်ရမ်းမှုအပါအဝင် ကျန်းမာရေးနယ်ပယ်အချို့တွင် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နိုင်ခြင်းရှိ/မရှိကို အစောပိုင်းသုတေသနစာတမ်းများတွင် ဆွေးနွေးတင်ပြခဲ့ပါသည်။ သို့သော် လည်း ကျွမ်းကျင်သူများက ၎င်းသည် လေ့လာနေဆဲသုတေသနတစ်ခုသာဖြစ်ပြီး ဘေးကင်း လုံခြုံမှု၊ သင့်တော်သောပမာဏ၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအကျိုးသက်ရောက်မှုတို့အတွက် နောက်ထပ်သုတေသနများစွာ လိုအပ်နေသေးကြောင်း ဖော်ပြခဲ့ပါသည်။

   အဆိုပါဇီဝဓာတ်များသည် လေ့လာနေဆဲ သုတေသနတစ်ခုသာဖြစ်ပြီး နာတာရှည်ရောဂါ များအတွက် ကာကွယ်ခြင်း သို့မဟုတ် ကုသခြင်းတို့တွင် အစားထိုးနိုင်ခြင်း မရှိသေးကြောင်း၊ လွဲမှားသည့် အယူအဆများနှင့် အညွှန်းတပ်ခြင်းများကို အခြေမခံဘဲ သင့်တင့်မျှတစွာ စားသုံးမှု၊ ချက်ပြုတ်သည့်နည်းလမ်းများနှင့် ဆေးဘက်ဆိုင်ရာအထောက်အထားများကို ထည့်သွင်းစဥ်းစား သင့်ကြောင်း တိုက်တွန်းထားပါသည်။

   အဆိုပါ အခမ်းအနားကို အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း၊ Metabolic Health and Nutrition ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အာဟာရပညာရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံဆီ နည်းပညာရှင်များ အသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Source : The Hindu Businessline, 25 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)