​​​​​​​မျှစ်ချဉ်လုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးကာအောင်မြင်လျက်ရှိသောလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊ ‌ရေတာရှည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနေ ဦးကောင်းမြတ်ဇော်၏ ရွှေမျှစ်တံဆိပ် မျှစ်ချဉ်လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန ၊ရေတာရှည် မြို့နယ်တာဝန်ခံ ဒေါ်ပပလင်းနှင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၏ တာဝန်ရှိသူများနှင့် သွားရောက် လေ့လာခဲ့ပါသည်။ လုပ်ငန်းလုပ်ကိုင်သူအား တာဝန်ရှိသူများမှ ဓာတုဆိုးဆေးများ ၊တာရှည်ခံ ဆေးများ သုံးစွဲမှုမရှိစေရေးနှင့် FDA အသိအမှတ်ပြု လက်မှတ်လျှောက်ထားနိုင်ရေး မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

ရည်ရွယ်ချက်

          ကျေးလက်ဒေသ သဘာဝထွက်ကုန်များ လေလွင့်ပြုန်းတီးမှုမရှိစေဘဲ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး မိသားစုဝင်ငွေတိုးတက်စေရုံသာမက အောင်မြင်သည့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ်ရပ်တည်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့်အဆိုပါ လုပ်ငန်းကို အလုပ်သမား (၁၀)ဦးဖြင့် ဆောင်ရွက်ခဲ့သည်မှာ (၅)နှစ်ခန့်ရှိပြီဖြစ်သည်။ တစ်နှစ်လျှင် မျှစ်ပိဿာချိန်(၁၀၀၀၀)ခန့် ထွက်ရှိ ကြောင်းလည်းသိရှိရပါသည်။

ကုန်ကြမ်းရရှိမှု

ရာသီအလိုက် အပြောင်းအလဲရှိသဖြင့် နွေရာသီနှင့်ဆောင်းရာသီတို့တွင် ကုန်ကြမ်းစု ဆောင်းရေးအတွက် ကြိုတင်ပြင်ဆင်ရကြောင်း၊ အဓိကအနေဖြင့်ကုန်ကြမ်းများကို ဝါးတောကြီးများ တည်ရှိရာ ပဲခူးရိုးမ၊ ဒေသခံတူးဖော်သူများထံမှတစ်ဆင့် ဒေသတွင်းကုန်စည်ဒိုင်များနှင့်ပွဲရုံများမှ ဝယ်ယူရ၍ စုဆောင်းရသည်။ ထိုကုန်ကြမ်းများကို မီးဖိုဖြင့်ပြုတ်ပြီး ကန်ကြီးများဖြင့်စိမ် ထားရပါသည်၊၊ ကန်တစ်ကန်လျှင် ပိဿာချိန် (၂၀၀၀)နီးပါး ဝင်ဆံ့သည်။  မျှစ်ချဉ်ပြုလုပ်ရန်အတွက် မျှစ်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ဝယ်ယူရ ပါသည်။မျှစ်ချဉ်ပြုလုပ်ရန်အတွက် ကော်ပုန်း အမည်းများဖြင့်တည်ထားရပါသည်။ မိမိတို့အနေဖြင့် ဝါးပိုးဝါး များကိုသာ အဓိကဝယ်ယူစုဆောင်း ကြောင်းသိရှိရသည်။

 

 

 

အရည်အသွေးထိန်းသိမ်းမှု

          ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်သော နည်းစနစ်များဖြင့် ဓာတုဗေဒဆေးဝါးများ လုံးဝသုံးစွဲထားခြင်းမရှိဘဲ သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်စွာထုတ်လုပ် ခြင်းသည်လုပ်ငန်း၏ ပဓာနသော့ချက်ဖြစ်ကြောင်း၊ ထုပ်ပိုးမှုစနစ်( Packaging)ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ပြုလုပ်၍ဒေသတွင်းအမှတ်တံဆိပ်(Local Brand) တစ်ခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့်ရောင်းချနိုင်ရေး၊ မျှစ်ချဉ်ကို  ပုပ်သိုးမသွားစေဘဲ  ဘေးအန္တရာယ်ကင်းစွာ တာရှည်ခံအောင် သိမ်းဆည်းထားနိုင်ရေး စသည့်တို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ဈေးကွက်အခြေအနေ

မျှစ်များချဉ်ပြီဆိုလျှင် လတ်လတ်ဆက်ဆက်ထုပ်ပိုးပြီး တစ်ထုပ်လျှင်(၂၅)ကျပ်သားစီ ထုပ်ပိုး ကာ ပါကင်ထုပ်များနှင့်လည်းကောင်း၊ ပလတ်စတစ်ဘူးများဖြင့်လည်းကောင်း သေချာသပ်ရပ် စွာ ထုပ်ပိုးပြီး ထုပ်ပိုးမှုပုံစံအရ ကျပ် ၄၀၀၀ မှ ၇၀၀၀ အထိ ဒေသတွင်း ဈေးကွက်များအပြင် နီးစပ်ရာမြို့ကြီးများရှိ ကုန်စုံဆိုင်များ၊စားသောက်ဆိုင်များသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်း ချလျက်ရှိပါသည်။

          မျှစ်ချဉ်ကို လုပ်ငန်းရှင်များက စီးပွားဖြစ်လုပ်ကိုင်လျက်ရှိပြီး ပြည်တွင်း၌ MSMEs ကျင်းပ သည့် ဒေသထွက်ကုန်ပွဲများတွင် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် ပြသရန်အတွက်လည်း ကြိုးပမ်း လျှက်ရှိပြီး ထုပ်လုပ်မှုများကို သပ်ရပ်ပြီး လှပစေရန်အတွက်လည်း ပလက်စတစ်ဘူးများ ဖြင့်လှပသေသပ်စွာပြုလုပ်၍ ရောင်းချလျှက်ရှိ ပါသည်။

DOCA(ပဲခူး)