အင်ဒိုနီးရှားနိုင်ငံက ဇီဝဒီဇယ်ဆီ (B60) ကို ၂၀၂၇ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရေးအတွက် စားအုန်း ဆီကြမ်း (CPO) ထောက်ပံ့ပေးနိုင်စွမ်း ဆန်းစစ်လျက်ရှိ

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ အချိုးအစား ၆၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B60)  မူဝါဒ ကို ၂၀၂၇ ခုနှစ်တွင် စတင်ကျင့်သုံးရန် အစီအစဉ်ချမှတ်ထားရှိမှုနှင့်စပ်လျဉ်း၍ စွမ်းအင်နှင့် သယံဇာတ အရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာနက စားအုန်းဆီကြမ်းထောက်ပံ့ပေးနိုင်မှုနှင့် ဇီဝဒီဇယ်ဆီထုတ်လုပ် နိုင်စွမ်းအားတို့ကို ဆန်းစစ်လေ့လာလျက်ရှိကြောင်း Antara Indonesia News Agency က စက်တင် ဘာလ ၂ ရက်‌နေ့တွင် ဖော်ပြထားရှိပါသည်။

       အင်ဒိုနီးရှားအစိုးရအနေဖြင့် စားအုန်းဆီကြမ်း (CPO) ထောက်ပံ့မှုကို စုစည်းပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ပြီး၊ ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီစိုက်ခင်းဧရိယာ တိုးချဲ့စိုက်ပျိုးခြင်း သို့မဟုတ် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ခြင်းဆိုင်ရာ အစီအမံများ လိုအပ်ခြင်းရှိ/မရှိ ဆန်းစစ်လေ့လာ ခြင်းတို့ ပါဝင်ကြောင်း Mr. Tanjung က ပြောကြားခဲ့သည်။
      ထို့ပြင် ဇီဝဒီဇယ်ဆီ (biodiesel) အရောအနှောများတွင် အဓိကပါဝင်သည့် ဇီဝလောင်စာ အစိတ်အပိုင်းတစ်ခုဖြစ်သော မီသိုင်းလ် အက်စတာ အဆီအက်စစ် (Fatty Acid Methyl Ester- FAME) လုပ်ငန်းကဏ္ဍကိုလည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့်တိုးချဲ့လုပ်ဆောင်ရန်လိုအပ်နေသည်။
       FAME လုပ်ငန်းကဏ္ဍကို တိုးချဲ့လုပ်ဆောင်ခြင်းအားဖြင့် B60 ဇီဝဒီဇယ်ဆီကို အစိုးရ အထောက်အပံ့ပြုထားသည့် လုပ်ငန်းများ (PSO) နှင့် အစိုးအရ အထောက်အပံ့မပြုသော လုပ်ငန်း ကဏ္ဍများတွင် အကောင်အထည်ဖော်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း Mr. Tanjung က ဆိုသည်။
      ဝန်ကြီးဌာန၏ စွမ်းအင်သစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်ချွေတာရေးဆိုင်ရာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Eniya Listiani Dewi က B60 အတွက် သတ်မှတ်မည့် FAME စံချိန်စံညွှန်းများနှင့်ပတ်သက်၍လည်း ထပ်မံဆန်းစစ်လေ့လာရန် လိုအပ်နေသေးကြောင်း ပြောကြား ခဲ့သည်။
       အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စားအုန်းဆီအချိုးအစား ၅၀  % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်ခြင်းအတွက် နောက်ဆုံး ပေါ် FAME အမျိုးအစားကို အသုံးပြုခဲ့ပြီး၊ လက်ရှိတွင် B60 အရောအနှော၌ Hydrotreated Vegetable Oil (HVO) ဆီ ၁၀ ရာခိုင်နှုန်း ထပ်မံထည့်သွင်းသင့်၊ မသင့်ကို တာဝန်ရှိသူများက သုံးသပ် လျက်ရှိကြောင်း သိရှိရပါသည်။
      HVO ၏ ကုန်ကျစရိတ်သည် FAME ထက် ၁.၅ ဆမှ ၂ ဆခန့်ထိ ပိုမိုများပြားသဖြင့် အဆိုပြု ထားသော ဤအရောအနှော (blend) နှင့်ပတ်သက်သည့် စမ်းသပ်မှုများကို ကနဦးအဆင့် လုပ်ငန်းစဉ် တစ်ခုအဖြစ်သာ ဆောင်ရွက်နေရသည်ဟု Ms. Dewi က ပြောကြားခဲ့သည်။
       Dewi က BPDPKS ဟု လူသိများသော အင်ဒိုနီးရှားနိုင်ငံ၊ ဆီအုန်းစိုက်ခင်းကဏ္ဍ ရန်ပုံငွေ စီမံခန့်ခွဲရေးအင်ဂျင်စီအား B60 အတွက်လိုအပ်မည့် FAME ပမာဏနှင့် စံသတ်မှတ်ချက်များကို လေ့လာ ဆန်းစစ်ပေးရန် တောင်းဆိုထားပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ရလဒ်များရရှိနိုင်ရန် ရည်မှန်းထားသည်။
        အင်ဒိုနီးရှားနိုင်ငံသည် ဤနယ်ပယ်တွင်ရှေ့ဆောင်နိုင်ငံတစ်ခုဖြစ်သည့်အတွက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော သုတေသီများအနေဖြင့် သင့်လျော်သော B60 အရောအနှောအချိုးအစားကို သတ်မှတ်ဆုံးဖြတ်ပေးရန် လိုအပ်သည်ဟု Dewi က ဆိုသည်။
       အင်ဒိုနီးရှားအစိုးရအနေဖြင့် B60 အရောအနှော အချိုးအစားကို တိကျစွာ ထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးသဖြင့် ၂၀၂၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် မတိုင်မီ ကာလအတွင်း လက်ရှိဆောင်ရွက်နေသော နည်းပညာဆိုင်ရာလေ့လာမှုသည် အရေးပါလျက်ရှိသည် ကို ဖော်ပြထားကြောင်း သိရှိရသည်။
Source: Antara Indonesia News Agency, Sept 2, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)