
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား (Labeling) ပြည့်စုံစွာ ထည့်သွင်းဖော်ပြ နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း၌ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ဒေသတွင်း ကိတ်မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံး နိုင်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ဥပဒေနှင့်အညီ စနစ်တကျ ထုတ်လုပ်ရောင်းချနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရပါမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ခြင်းသည် မိမိတို့ထုတ်ကုန်ကို စားသုံးသူများက ပိုမိုယုံကြည်စိတ်ချရုံသာမက ဈေးကွက်အတွင်း ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက် ချဲ့ထွင်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကြောင့် စူပါမားကတ်များနှင့် အခြားမြို့ကြီး များရှိ အရောင်းဆိုင်ကြီးများသို့ ယုံကြည်စိတ်ချစွာ တင်ပို့ရောင်းချနိုင်ခြင်း၊ အမှတ်တံဆိပ် (Brand) ပုံရိပ်တက်လာခြင်း၊ စနစ်တကျထုပ်ပိုးမှုနှင့် သတင်းအချက်အလက် ပြည့်စုံမှုကြောင့် ရိုးရိုးဒေသ တွင်းထုတ်ကုန်အဆင့်မှ စံချိန်စံညွှန်းမီ ထုတ်ကုန်တစ်ခုအဖြစ် ပြောင်းလဲလာခြင်း၊ လုပ်ငန်းရှင်များ အတွက် စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
