
ကယားပြည်နယ်တွင် ဖူးစားပြောင်းကို စီးပွားဖြစ်ထက် မိသားစုအပိုဝင်ငွေရရှိအောင် ဒေသတွင်း စားသုံးမှုအတွက် အဓိက စိုက်ပျိုးကြပါသည်။ လွိုင်ကော်မြို့နှင့် လောပိတမြို့နယ် တစ်ဝိုက်ရှိ မထောခူ၊ရှမ်းရွာ၊ လောပိတ၊လောကထူး၊ မိုက်ကန်းစသောကျေးရွာများ၌ မိုးရာသီ တွင် အများဆုံးစိုက်ပျိုးသော်လည်း ရေရရှိသည့်နေရာ မှုံပြာကျေးရွာတွင် ဖူးစားပြောင်းကို ဆောင်းသီးနှံအဖြစ် အောက်တိုဘာနှင့် နိုဝင်ဘာလများ၌လည်း စိုက်ပျိုးကြသည်။၂၀၂၅-၂၀၂၆ ခုနှစ် ဖူးစားပြောင်း(မိုး)၊၄၇၆၅ ဧက၊ (ဆောင်း) ၂၄၀ပေါင်း စိုက်ဧက ၅၀၀၅ ဧကရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရသိရသည်။ မြေကိုထွန်ယက်ပြုပြင်ပြီး သဘာဝမြေဩဇာအဖြစ် နွား ချေး သို့မဟုတ် ဓာတ်မြေမြေဩဇာများကို လည်းအသုံးပြု၍ စိုက်ပျိုးကြောင်း၊ နွားချေးကို တစ်ဧကလျှင် လှည်းအစီး(၂၀)ခန့် ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာကို ကောင်းမွန်စေပြီး အထွက်နှုန်း ပိုမိုတိုးလာစေပါသည်။ အပင်သက်တမ်းတိုတောင်းသဖြင့် ပေါင်းမြက်ရှင်းခြင်းနှင့် ရေသွင်းခြင်းကို စနစ်တကျလုပ်ဆောင်ရသည်။ ဖူးစားပြောင်းကို စတင်စိုက်ပျိုးပြီး ၇၅ ရက်မှ ရက်ပေါင်း ၉၀ အတွင်းခူးဆွတ်ရောင်းချနိုင်သဖြင့် အချိန်ကုန်သက်သာစေပါသည်။ မေလ တွင်စိုက်ပျိုးသော ဖူစားပြောင်းကို သြဂုတ်လတွင် ရိတ်သိမ်းခူးဆွတ်လျက်ရှိပါသည်။ ခူးဆွတ် ထားသော ပြောင်းဖူးများကို လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကွက်တွင် ရောင်းချလျက်ရှိပြီး လက်လီဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ဖူးလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကယား)
