ပဲပိစပ်ဆီမဟုတ်တဲ့ ပဲပုပ်ဆီနှင့် ပဲပုပ်သီးနှံ

Powered by Drupal

        စားသုံးဆီဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများထဲတွင် ပဲဆီ၊ နှမ်း၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ ပဲပိစပ်ဆီဆိုပြီး စားသုံးဆီအမျိုးမျိုးထုတ်လုပ်ရောင်းချလျှက်ရှိသလို ပြည်ပမှ တင်သွင်းသော စားအုန်းဆီများကိုလည်း ရောင်းဝယ်စားသုံးနေကြလျှက်ရှိပါသည်။

     ပဲပုပ်သီးနှံ၏ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၌ အဓိကထား စိုက်ပျိုးလျှက်ရှိသောကြောင့် တစ်နိုင်ငံလုံးပဲပုပ်စိုက်ဧက၏ ၅၀% ခန့် စိုက်ပျိုးမှုရှိသည်ဟု သိရှိရ ပါသည်။ ကျန်ရှိဧရိယာကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်တွင် ပဲပုပ်သီးနှံအား သီးသန့်သော် လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံများကြားတွင် သီးညှပ် အဖြစ်လည်းကောင်း စိုက်ပျိုးကြပါသည်။ မိုးနှင့်ဆောင်း ခွဲခြား၍ ရာသီဥတုရေမြေဒေသအခြေအနေပေါ်မူတည်ကာ စိုက်ပျိုးကြပါသည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မြစ်ရေကျချိန် ကိုင်း၊ ကျွန်းများ၌လည်း စိုက်ပျိုးကြပါသည်။ ပြည်တွင်းစားသုံးရန်အတွက် အဓိကစိုက်ပျိုးခြင်းဖြစ်ပြီး သက်ကြီး၊ သက်လတ်၊ သက်လျင် အစေ့သေး၊ အစေ့ပြား၊ အစေ့လုံး၊ အကြီး/အသေးများစွာကွဲပြားမှုရှိသကဲ့သို့ ပင်ထောင်၊ ပင်ဖောက်၊ ပင်ကား၊ ခြုံဆိုင်မျိုးများလည်းရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ပဲပုပ်အား ပြည်တွင်းစားသုံးမှုအနေဖြင့်သာ စိုက်ပျိုးကြခြင်းဖြစ်ပြီး ပြည်ပဈေးကွက်အနေဖြင့်  ရောင်းအား ကောင်းသောနိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ ကိုလန်ဘီယာ၊ ဥရုဂွေး၊ ပါရာဂွေး တို့အပြင် ပစိဖိတ်ကမ်းရိုးတန်းနိုင်ငံလေးများနှင့် ကျွန်းနိုင်ငံများပါဝင်ပြီး အာရှအရှေ့ဖျားနိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအနေဖြင့်လည်း အများဆုံး ဝယ်ယူတင်သွင်းကြောင်း သိရှိရပါသည်။

        အမေရိကန်ပြည်ထောင်စုတွင် ပဲပုပ်ရောက်ရှိခဲ့သည်မှာ နှစ်(၁၀၀)ကျော်ခန့်ရှိပြီး ဆီစတင် ကြိတ်ခွဲသည့် ပဲပုပ်စေ့များကို မန်ချူရီးယားနိုင်ငံမှတင်သွင်းခြင်းဖြစ်ကာ ၁၉၄၂ မှ ၁၉၄၈ခုနှစ် အတွင်း အမေရိကန်၌ ပဲပုပ်စိုက်ပျိုးသည့် ပမာဏမှာ ၄၄ဆ မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန် နိုင်ငံသည် စက်မှုနှင့်စိုက်ပျိုးရေးအတတ်ပညာ အထူးဖွံ့ဖြိုးသည့်နိုင်ငံဖြစ်သည်နှင့်အညီ ပဲပုပ်အား အခြေခံ၍ စားသောက်ကုန်မျိုးစုံ၊ ဆီ၊ ထောပတ်၊ ချောကရက်စသည်များတွင် သုံးစွဲရုံမက၊ အဝတ် အထည်၊ အလှကုန်များအထိ ထုတ်လုပ်သုံးစွဲလာခဲ့ကြောင်း သိရှိရပါသည်။

       မြန်မာနိုင်ငံတွင် ပဲပုပ်အား ရှမ်းပြည်ဒေသထွက်ကုန်အဖြစ် ပဲပုပ်စေ့လှော်၊ ပဲပုပ်စေ့ကြော်၊ ဆီတို့ဘူးဆိုပြီး ရောင်းချရသလို ဈေးကွက်အတွင်း ရှမ်းရိုးရာအစားအစာ ရှမ်းပဲပုပ်ဟူ၍ လူသိများပြီး ပြည်တွင်းပြည်ပခရီးသွားများအား ရောင်းချမှုများရှိခဲ့ကြပါသည်။ ပဲပုပ်အား အချဉ်ဖောက်၍ ပဲနို့၊ ပဲငပိ၊ ပဲငံပြာရည်နှင့် တို့ဘူးတို့အား ထုတ်လုပ်ရောင်းချကြပါသည်။ ပဲပုပ်သည် အာဟာရနှင့် စီးပွားရေးရှုထောင့်အရတန်ဖိုးရှိ၍ အရေးပါအသုံးဝင်သည့် ပဲသီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်ဆီအဖြစ် ကမ္ဘာထိပ်တန်း နေရာတွင်ရှိခဲ့ကြပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်မှာဖြင့် ဈေးကွက်အတွင်း အသုံးဝင်သော သီးနှံအဖြစ် အောင်မြင်မှုရလျက်ရှိပါသည်။ နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကို Soybean, Soja-Bean, Soya-Bean ဟုအမျိုးမျိုးခေါ်ဝေါ်ကြကာ အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုးဖြစ်၍ ကမ္ဘာအရေးကြီးဆုံး သီးနှံ(၁၀)မျိုးဖြစ်သည့် ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလော ပီနံ၊ ပဲပုပ်၊ကန်စွန်းဥ ၊ နှံစားပြောင်း၊ ဝါးဥ Plantains ခေါ် ချက်စားရသော ငှက်ပျောသီး စသည်တို့တွင် နံပါတ်(၆) နေရာတွင် ရှိသော သီးနှံဖြစ်ပါသည်။

        သက်သက်လွတ်သမားများအတွက်လည်း အားထားရသော ဟင်းလျာဖြစ်ကာ ပဲပုပ်စေ့ကို အစိမ်းလိုက်ကြော်၍ စားနိုင်သလို ပြုတ်၍လည်းသုတ်စားနိုင်ပါသည်။ ပဲပုပ်ထောင်း၊ ပဲပုပ်ကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုတ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် မိမိနှစ်သက်သလိုချက်စားနိုင်ပြီး မုန်ညှင်းရွက်နှင့်ပဲပုပ်အား ပဲပုပ်ဟင်းချိုအဖြစ်လည်းစားသုံးနိုင်ပါသည်။

        ကျန်းမာရေးအရကြည့်မည်ဆိုလျှင်လည်း ပဲပုပ်တွင်ပရိုတင်းဓါတ် အဓိကပါဝင်ပြီး ၄၀.၄၅% နှင့် အခြားကောင်းမွန်သည့် ဆီနှင့် Carbs တို့လည်း ပါရှိပါသည်။ ပဲပုပ်တွင်ခွန်အားနှင့် သွေးနီအား တိုးတက်စေသော သံဓါတ်များအလုံအလောက်ပါရှိသောကြောင့် သတ်သတ်လွတ်စားသူများအတွက် သံဓါတ်ဖြည့်စွက်စာအဖြစ်စားသုံးနိုင်ပါသည်။ ပဲပုပ်တွင်ပါဝင်သောပရိုတင်းဓါတ်သည် အခြားသော သီးနှံများတွင်ပါဝင်သည့် ပရိုတင်းဓါတ်နှင့်မတူဘဲ သာလွန်ကောင်းမြတ်သော ပရိုတင်း ဓါတ်ဖြစ်သလို အသားများနှင့်ယှဉ်လျှင်လည်း အမဲသားထက် ၂ဆ၊ ကြက်ဥထက်၃ဆ၊ နွားနို့ထက် ၁၁ဆ ပိုမိုပါသည်။ ပဲပုပ်သီးနှံသာမက ပဲပုပ်ဆီသည် စားသုံးသူများအတွက် အလားတူကျန်းမာရေး အကျိုးကျေးဇူးများရရှိနိုင်သည်ဟု လေ့လာသိရှိရပါသည်။

       သို့ဆိုပါလျှင် ပဲပိစပ်သည် ပဲမျိုးစုံများထဲတွင် အကြမ်းခံဆုံး အညံ့ဆုံးပဲဖြစ်ပြီး စားသုံးရာတွင် အရသာသိပ်မရှိဘဲ မြေအနံထွက်သည်ဟု သိရှိရပါသည်။ လှော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ ကြော်၍ ဖြစ်စေ အစေ့လိုက်စားသုံးနိုင်သကဲ့သို့ အမှုန့်ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ ပဲပိစပ်သည် အင်္ဂလိပ်အမည် (Horse Gran)ဖြစ်ပြီး ပဲပိစပ်တွင် ဆီပါဝင်မှု ၀.၅၀% သာပါဝင်ကာ ပရိုတင်း ဓါတ်ပါဝင်မှုမှာ ပဲပုပ်ကိုမမှီဘဲ ဖန်ရည်ပါဝင်မှုများသောကြောင့် ဖန်သည့် အရသာရှိသည့်အတွက် မြန်မာနိုင်ငံတွင် ပုန်းရည်ကြီးအဖြစ်သာ အဓိကထုတ်လုပ်ရောင်းချသည့် ပဲသီးနှံဖြစ်ပါသည်။ ပဲအစေ့ပြုတ်များကို ပင်စည် ၊ အရွက်၊ အသီးတို့အား ကျွဲ၊ နွား၊ မြင်းများအား ကျွေးမွေးကြသည်အတွက် မြင်းစားပဲဟုပင် ခေါ်တွင်ကြပါသည်။ ပဲပိစပ်၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံဟုယူဆပြီး မြန်မာနိုင်ငံတွင်တော့ အထက်အညာဒေသများဖြစ်သည့် မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုရှိကြောင်းနှင့် ဆီပါဝင်မှု ၀.၅၀% သာပါဝင်သည့် ပဲပိစပ်နှင့် ဆီပါဝင်မှု ၁၉.၂၀% ပါဝင်သော ပဲသီးနှံများ၏ ကွဲပြားမှုများ ဖြစ်ပါသည်။

DOCA(ပဲခူး)