
ဉာဏ်ရည်တုနည်းပညာ(AI)နှင့် ဒေတာစင်တာများသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်များအနက်ပါဝင်ကြောင်း စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် AI နည်းပညာသည် ကမ္ဘာ့စီးပွားရေးသို့ အမေရိကန်ဒေါ်လာ ၁၅.၇ ထရီလီယံအထိ တန်ဖိုးထပ်မံ ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် AI နည်းပညာ ပေါင်းစပ်အသုံးချမှုကိုပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ Hartarto က PricewaterhouseCoopers ၏အချက်အလက်များအရ AI နည်းပညာနှင့် ထိတွေ့ဆက်စပ်မှု အများဆုံးရှိသည့်စက်မှုကဏ္ဍများတွင် ဝင်ငွေ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသည် အာဆီယံဒေသအတွင်း AI နည်းပညာကို စီးပွားရေးလုပ်ငန်းများတွင် အသုံးချမှုအရှိန် အဟုန်အကောင်းဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် AI အခြေပြု Application များမှ ရရှိသည့်ဝင်ငွေသည် ယခင်နှစ်တူညီသည့်ကာလထက် ၁၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဩဂုတ်လ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ အင်တာနက်အသုံးပြုသူ ၂၃၅ သန်းရှိပြီး အင်တာနက်အသုံးပြုမှု ထိုးဖောက်နှုန်း ၈၁ ရာခိုင်နှုန်းရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး(GMV)မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါး သို့ရောက်ရှိလာနေပြီး ယင်းမှာ အာဆီယံဒေသတွင် အကြီးမားဆုံးဖြစ်ကြောင်း သိရပါသည်။
ဒေတာစင်တာများ၊ AI နည်းပညာနှင့် ဆီမီးကွန်ဒတ်တာကဏ္ဍတို့ကို ပေါင်းစပ်ဖွံ့ဖြိုးတိုးတက် စေခြင်းမှတစ်ဆင့် ကျွမ်းကျင်ပညာရှင် ၆၀၀,၀၀၀ ကျော်အတွက် အလုပ်အကိုင်များဖန်တီး ပေးနိုင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း ရရှိရေးကို အထောက်အကူပြုရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ဒစ်ဂျစ်တယ်နည်းပညာများကို စမတ် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုံးဒရုန်းများ၊ ဒစ်ဂျစ်တယ်ကျန်းမာရေးဝန်ဆောင်မှုများ၊ လျှပ်စစ် မော်တော်ယာဉ်ထုတ်လုပ်မှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်နိုင်သည့် Cloud အခြေပြု AI နည်းပညာများအပါအဝင် စက်မှုကဏ္ဍအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ ဒစ်ဂျစ်တယ်အမွှာ(Digital Twin)နည်းပညာကိုလည်း Nusantara မြို့တော်သစ်၏ စမတ်စီးတီးမျှော်မှန်းချက်အကောင်အထည်ဖော်ရေးနှင့် လျှပ်စစ် အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးအတွက် အသုံးပြုလျက်ရှိကြောင်း သိရပါသည်။
AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံသည် အခြေခံအဆောက်အအုံများ ပိုမိုခိုင်မာအားကောင်းစေရေးဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအား ၁ ဒသမ ၁၇ ဂစ်ဂါဝပ်အထိ တိုးချဲ့နိုင်မည့် ဒေတာစင်တာများဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာသင်ဆုအစီအစဉ်များနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးသည့် ကုမ္ပဏီများအတွက် အခွန်လျှော့ပေါ့ခွင့်ကို ၂၀၀ ရာခိုင်နှုန်းအထိ ပေးအပ်သည့် “Super Tax Deduction” အစီအစဉ်များကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ Danantara Indonesia နှင့် ဗြိတိန်အခြေစိုက် ဆီမီးကွန်ဒတ်တာကုမ္ပဏီ Arm Limited တို့အကြား အင်ဒိုနီးရှားအင်ဂျင်နီယာ ၁၅,၀၀၀ ကို လေ့ကျင့်သင်ကြားပေးရေး သဘောတူညီချက်ရရှိထားမှု ကိုလည်း Hartarto က ထည့်သွင်းပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းတွင် အင်ဒိုနီးရှားနှင့် အမေရိကန်တို့သည် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်မှတစ်ဆင့် Riau ကျွန်းစု ပြည်နယ်ရှိ Galang ကျွန်းတွင် ဘက်စုံပေါင်းစပ် ထားသည့် ဆီမီးကွန်ဒတ်တာစက်မှုအစုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄.၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာနိုင်ရေး လမ်းဖွင့်ပေးခဲ့ကြောင်း သိရပါသည်။ နိုင်ငံ အဆင့်အစီအစဉ်များကိုအားကောင်းစေသည့်အပြင် အင်ဒိုနီးရှားနိုင်ငံသည် AI နှင့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာစေရေးကိုလည်း ထောက်ခံအားပေးလျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် AI ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကိုအားကောင်းစေရန် World Artificial Intelligence Cooperation Organization (WAICO) ၏ စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နိုဝင်ဘာလတွင်လက်မှတ်ရေးထိုးမည့် အာဆီယံဒစ်ဂျစ်တယ် စီးပွားရေးမူဘောင်သဘောတူညီချက်(ASEAN Digital Economy Framework Agreement-DEFA)တွင် ပါဝင်ရန်သဘောတူထားပြီး ယင်းသဘောတူညီချက်ကြောင့် အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးတန်ဖိုးကို အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ နှစ်ဆတိုးမြှင့်နိုင်မည်ဟု မျှော်မှန်းထားကြောင်း Hartarto က ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
