
ခြောက်လမာလကာသီးများကို များသောအားဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘီလူးချောင်း ဘေးဝဲယာရှိ မြေဩဇာထက်သန်သော နုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ခြောက်လ မာလကာပင်ကို အများအားဖြင့် မိုးဦးကျမေလနှင့်ဇွန်လများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သဘာဝ မိုးရေကောင်းစွာရရှိပါက အပင်ကြီးထွားမှု မြန်ဆန်စေပါသည်။အပူချိန်၂၀°Cမှ၃၀°C ပူနွေး စိုစွတ်သည့် ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းပါသည်။မိုးနည်းသည့်ဆောင်းရာသီနှင့် နွေရာသီများ တွင်ရေလုံလောက်စွာ ပေးသွင်းနိုင်ပါက တစ်နှစ်ပတ်လုံးအသီးသီးပါသည်။မာလကာပင်စိုက်ပျိုးရာ တွင် အစေ့မှစိုက်ပါက အပင်ကြီးထွားမှုနှေးပြီး မိဘအပင်၏မူလအရသာနှင့် အသီးအရည်အသွေး မရရှိနိုင်ပါ။ထို့ကြောင့်ကိုင်းဆက်ပင်(သို့မဟုတ်)မြေထုပ်စည်းပင်များကိုသာ အဓိကရွေးချယ်စိုက်ပျိုး ရပါသည်။စိုက်ပျိုးရန် မျိုးပင်ရွေးချယ်ရာတွင်လည်း အမြစ်စနစ်ကောင်းမွန်ပြီး ရောဂါကင်းစင်သည့် အပင်အမြင့် ၁ပေခွဲမှ ၂ပေခန့်ရှိသည့် မျိုးပင်များကိုသာ ရွေးချယ်ရပါမည်။မာလကာပင်စိုက်ပျိုးရန် အတွက် စိုက်ပျိုးမည့် မြေကွက်ကို ပေါင်းမြက်သစ်ငုတ်များ ရှင်းလင်းပြီး နေရောင်ရရှိရန် ပြင်ဆင်ရ ပါမည်။အပင်ကြီးထွားချိန်တွင် ကိုင်းဖြတ်ရန်နှင့် လေဝင်လေထွက်၊ နေရောင်ရရှိရန်အတွက် ၁၀ပေ အကွာအဝေးရှိပြီး အလျား၊ အနံ၊ အနက် ၂ပေx၂ပေx၂ပေ ကျင်းများ တူးထားရပါမည်။ပြင်ဆင်ထား သောကျင်းအလယ်တွင် ပျိုးပင်ကိုထည့်ကာ လေတိုက်၍လဲမသွားစေရန် အပင်ဘေးတွင် ဝါးတိုင် စိုက်ပြီးကြိုးဖြင့် ခပ်လျော့လျော့ချည်ပေးရပါမည်။စိုက်ပြီးသည်နှင့်ရေဝအောင် လောင်းပေးရပါမည်။ စိုက်ပျိုးပြီး ၆လခန့်အကြာတွင် အသီးစသီးသဖြင့်“ခြောက်လမာလကာသီး”ဟုခေါ်ဆိုကြပါသည်။ အပင်သက်တမ်း အနည်းငယ်ကြာမြင့်လာပါက တစ်နှစ်ပတ်လုံးနီးပါး အသီးဆွတ်ခူးနိုင်ပါသည်။ အသီးပုံသဏ္ဍာန်မှာ အရွယ်အစားကြီးမားပြီး အသားထူပါသည်။အခွံစိမ်းပြီး အတွင်းအသားမှာ အဖြူ ရောင်(သို့မဟုတ်)ပန်းရောင်းသန်းကာ အစေ့နည်းပြီး ချို၍ကြွပ်ဆပ်သည့် အရသာရှိပါသည်။ ဒေသ ထွက် မာလကာသီးများကို အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ ဒေသတွင်းတဆင့် ပြန် လည်ရောင်းချသူများအားလက်ကားပေး၍သော်လည်းကောင်း ရောင်းချကြသည်။ယခုအခါ လွိုင်ကော် မြို့သီရိမင်္ဂလာဈေးအတွင်း မာလကာသီး လက်ကားဈေးမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့်၊ လက်လီဈေးမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့် ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)
