
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိများသည် ၁၈-၉-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြည်ကြီးတံခွန်မြို့နယ်ရှိ စားသောက်ကုန်အသင်းအစည်းအဝေးခန်းမ၌ ကျန်ရှိနေသောစားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး တတိယအကြိမ်မြောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိ များသည် စားသောက်ကုန်အသင်းဝင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေး ခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေများနှင့် ညွှန်ကြားချက်များအရ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှစ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဩဂုတ်လ အထိ လုပ်ငန်းရှင်(၁၀၁၉)ဦး ကုန်ပစ္စည်း အမျိုးအစား ပေါင်း(၃၇၁၃)မျိုးအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ စိစစ်ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ စားသုံးသူများ လုံခြုံစိတ်ချရသည့် ကုန်စည်များရွေး ချယ်ဝယ်ယူနိုင်ရေးနှင့် လုပ်ငန်းရှင်များ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စက်မှုကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့တွင်ပူးပေါင်း၍ ၎င်းတို့ဌာနတွင် မှတ်ပုံတင် ထားသည့် လုပ်ငန်းရှင်များအား ခေါ်ယူ၍ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခြင်းဖြင့် မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်အညီ ကိုက်ညီမှု ရှိစေရေးအတွက် အရှိန်အဟုန်ဖြင့် စိစစ်ဆောင်ရွက် ပေးလျက်ရှိပါသည်။
လက်ရှိတွင် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အချို့၌ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထပ်ပိုးလွှာ၊ ထပ်ပိုး ကပ်လွှာ(Sticker)ဖြင့် ကပ်နှိပ် ရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် ထိုသို့ စတစ်ကာကပ်ခြင်းကို သီးခြားခွင့်ပြုထားခြင်းမရှိ ကြောင်းနှင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည် ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ် ထားပြီး ၎င်းကာလ နောက်ပိုင်းတွင် သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် အားနည်သော သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော လုပ်ငန်းရှင်းများကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များ၊ ဥပဒေနှင့်ညွှန်ကြားချက် များအတိုင်းစနစ်တကျ လိုက်နာဆောင်ရွက်လာစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
