ပင်မှည့်သီးအသုံးဝင်ပုံနှင့် မြိတ်ဈေးကွက်အခြေအနေ

Powered by Drupal

          မိုးရာသီရောက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ဒေသအနှံအပြားရှိ တောတောင်များတွင် သဘာဝအလျောက်ပေါက်ရောက်သည့် ရာသီစာအသီးအနှံများလည်း တဖြည်းဖြည်းထွက်ပေါ်လာ တတ်ကြသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မိုးဦးကျချိန်မှစ၍ တောတောင်များ စိမ်းလန်းလာသည်နှင့်အမျှ ဒေသခံများစောင့်မျှော်နေကြသောရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ပင် မှည့်သီးများသည် ဈေးကွက်အတွင်း စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ နှစ်စဉ်ရာသီအလိုက်သာရရှိ နိုင်သည့် ပင်မှည့်သီး၏အရသာထူးခြားမှုကြောင့် ဒေသခံများသာမက ခရီးသွားဧည့်သည်များပါ ရှာဖွေ ဝယ်ယူစားသုံးလေ့ရှိသည့် သဘာဝတောထွက် အသီးနှံတစ်မျိုးဖြစ်ပါသည်။ ပင်မှည့်သီးသည် သဘာဝ ပေါက်ပင်ဖြစ်သော်လည်း အိမ်တွင်လည်း အလွယ် တကူစိုက်ပျိုးနိုင်သောအပင်မျိုးဖြစ်သည်။

      ပင်မှည့်သီးသည် ဗီတာမင်စီ များစွာပါဝင်ပြီး၊ ကိုယ်ခံအားမြှင့်စေခြင်းနှင့် အသားအရည် တောက်ပစေခြင်းတို့တွင် အထောက်အကူဖြစ်စေသည်။ ထို့အပြင် အစာချေစနစ်အတွက် ကောင်းမွန် စေသော အမျှင်ဓာတ်များပါဝင်သောကြောင့် ကျန်းမာရေးနှင့် စိတ်အပန်းဖြေမှုတို့အတွက် သင့်တော် သော သစ်သီးတစ်မျိုးအဖြစ် သုံးစွဲသူများက ဦးစားပေးလာကြသည်။ ပင်မှည့်သီးကိုလတ်ဆတ်သော အသီးဖျော်ရည်အဖြစ်သောက်သုံးနိုင်ပြီး၊ ချဉ်သောအရသာနှင့်သဘာဝ အာဟာရဓာတ်များကြောင့် လူ ကြိုက်များလာသော သီးနှံတစ်မျိုးဖြစ်လာသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံအနှံ့တွင်လည်း ပင်မှည့် သီးကို စိုက်ပျိုးသူများတိုးလာပြီး ဈေးကွက်တောင်းဆိုမှုများလာသည်ဟုသိရသည်။ ပင်မှည့်သီးကို ဒေသခံတောင်သူများက လတ်လတ်ဆတ်ဆတ်စားသုံးကြသလို ငရုတ်သီး၊ ငပိတို့နှင့်တွဲဖက် စားသုံး ခြင်း၊ အသုပ်ပြုလုပ်စာသုံးခြင်း၊ နို့ဆီ၊ သကြားနှင့်ဖျော်၍ ဖျော်ရည်အဖြစ်သောက်သုံးခြင်းနှင့် ရေခဲ ထုပ်အဖြစ်လည်းကောင်းပြုလုပ်၍ စားသုံးကြပါသည်။

     ပင်မှည့်သီးများသည် အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသတို့တွင် ကောင်းစွာဖြစ်ထွန်းသော ကြောင့် မန္တလေး၊ ပုသိမ်၊ တောင်ငူ၊ တနင်္သာရီနှင့် မြိတ်ကဲ့သို့သောဒေသများတွင် ပင်မှည့်သီးစိုက်ပျိုး ရေးလုပ်ငန်းများ တိုးလာပြီး၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ပါ အခွင့်အလမ်း များ ဖွင့်လှစ်လာကြောင်း စိုက်ပျိုးသူများကပြောကြားလာသည်။ ပင်မှည့်သီးတွင် အဝါရောင်နဲ့ ခရမ်း ရောင်ဆိုပြီး အရောင်(၂)မျိုးရှိ၍ စပ်မျိုးများကတော့ အဝါရောင်နှင့် ခရမ်းရောင်ကြားကအရောင်ထွက် ပါသည်။ ဈေးကွက်တွင်အဝယ်လိုက်သော ပင်မှည့်သီးမှာ ခရမ်းရောင်အသီးတွေ ဖြစ်ကြပြီးတော့ ခရမ်းရောင် အသီးတွေက အဝါရောင်အသီးထက် ‌အရည်အသွေး ပိုမိုကောင်းမွန် သောကြောင့်ဖြစ် သည်။ ပင်မှည့်သီးအပင်သည် နွယ်ပင်အမျိုးအစားဖြစ်သောကြောင့် စင်ထိုးပေးပြီးစိုက်နိုင်သလို ကြိုး တန်းတွေနှင့်လည်း စိုက်ပျိုးနိုင်ပါသည်။ ခရမ်းရောင်ပင်မှည့်သီးများသည် တစ်နှစ်ပတ်လုံး ပန်း ပွင့် တတ်ကြပေမယ့် မတ်လနှင့် ဧပရယ်လ၊ ဇူလိုင်နှင့် သြဂုတ်လတွေမှာ ပန်းများလှိုင်လှိုင်ပွင့် လေ့ရှိပါ သည်။ အဝါရောင်ပင်မှည့် သီးများသည် မေလ မှ ဇူလိုင်လ၊ စက်တင်ဘာလမှ အောက်တိုဘာလ အတွင်းမှာ ပန်းများလှိုင်လှိုင်ပွင့်ကြပြီး ရက်ပေါင်း ၇၀ ကနေ ၈၀ ထိကြာမြင့် တတ်ကြပါသည်။ ပင် မှည့်သီးများကို စိုက်ပျိုးပြီး ၁ နှစ် ၂ နှစ် လောက်မှာ စတင်ခူးဆွတ်နိုင် ပါသည်။ သန်စွမ်းတဲ့ ပင်မှည့်သီး တစ်ပင်တွင် ၁နှစ်လျှင် အလုံး‌ရေ ၁၅၀ ကနေ ၁၈၀ ထိသီးနိုင်ပါသည်။ ခရမ်းရောင် ပင်မှည့်သီးများ သည် တခြားပင်မှည့်သီး(၂)မျိုးထက် အထွက်နှုန်း ပိုကောင်းပါသည်။ ပင်မှည့်သီးများကို ခူးဆွတ်ပြီး အပူချိန် ၇ ဒီဂရီစင်တီဂရိတ်မှ ၉ ဒီဂရီစင်တီဂရိတ် အတွင်း မှာထားလျှင်  ၃ ပတ်အထိ ပျက်စီးဆုံးရှုံး မှုမရှိ ထားနိုင်ကြောင်းတွေ့ရပါသည်။ ယခုအခါ ပင်မှည့်သီးအနှစ်ကို ရာသီမရွေးစားသုံးနိုင်ရန်နှင့် တာရှည်ခံစေရန်အတွက် အအေးခန်းထဲတွင် အေးခဲခံ၍ထားကြသည်။ ပင်မှည့်သီးဈေးနှုန်းမှာ ယခင် နှစ်တွင် တစ်ပိဿာလျှင် ၆၀ဝ၀ကျပ် မှ ၆၅၀ဝကျပ်အတွင်းရှိပြီး ယခုနှစ် တွင် တစ်ပိဿာလျှင် ၇၅၀ဝ ကျပ်မှ ၈၀ဝ၀ ကျပ်အတွင်းရောင်းချလျက်ရှိပြီး ဈေးနှုန်းလည်း ကောင်းသော ကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမည့်သူများသာမက ဥယျာဉ်ခြံစိုက်တောင်သူများအတွက်ပါ အကျိုးရှိကြောင်းသတင်းကောင်း ပါးအပ်ပါသည်။

DOCA(တနင်္သာရီ)