
တောင်ငူမြို့ သစ်သီးဝလံဈေးကွက်အတွင်း ရှမ်းပြည်နယ်မှလည်းကောင်း၊ တရုတ်နှင့် ယိုးဒယား (ထိုင်း)နိုင်ငံတို့မှလည်းကောင်း ဝင်ရောက်လာသော သစ်သီးဝလံများ စားသုံးသူဝယ်လို အား မြင့်တက်နေကြောင်း သစ်သီးဝလံကုန်သည်များနှင့်ဈေးသည်များထံမှ သိရှိရသည်။
ဈေးကွက်အတွင်းရောင်းချလျက်ရှိသောသီးနှံများ
ရှမ်းပြည်နယ် နှင့် နယ်စပ်ဘက်တို့မှ ထောပတ်သီး၊ လိမ္မော်သီး၊ နဂါးမောက်သီး၊ ပန်းသီး၊ သစ်တော် သီး၊ သရက်သီး၊ စပျစ်သီး၊ ဖရဲသီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ဘလူးဘယ်ရီသီး၊ တည်သီး၊ ပင်မှည့်သီး၊ ကီဝီသီး၊ သလဲသီး၊ ငှက်ပျောသီး၊ မာလကာသီး၊ သင်္ဘောသီး နှင့် သခွားမွှေး စသော သီးနှံမျိုးစုံများ မှာယူ ရောင်းချလျက်ရှိသည်။
ဝယ်လိုအားမြင့်တက်လာရသည့်အကြောင်းရင်း
ရာသီပေါ်သီးနှံများစုံလင်မှု၊ ဒေသတွင်း ထွက်ရှိသည့် သစ်သီးဝလံအပြင် နယ်စပ်နှင့်ရှမ်းပြည် နယ်ဘက် မှ ရာသီပေါ်အသီးအနှံများ ဆက်တိုက်ဝင်ရောက်နေသည့်အတွက် ဝယ်ယူသူများ အတွက် စိတ်ကြိုက်ရွေးချယ်စရာများပြားခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မြို့၏အနီးအနားရှိ ရပ်ကွက်၊ ကျေးရွာ များတွင် ပြုလုပ်သည့် အလှူပွဲများ၊ဘာသာရေးပွဲများနှင့် အလှူဒါနပြုလုပ်ခြင်းများအတွက် ဧည့်ခံရန် နှင့် သစ်သီးဝလံများသည် နေ့စဉ်မရှိမဖြစ် ကျန်းမာရေးအတွက် စားသုံးမှုများပြားခြင်း တို့ကြောင့်လည်း ဖြစ်သည်။
ဈေးကွက်အခြေအနေနှင့် ကုန်သည်များ၏ သုံးသပ်ချက်
သယ်ယူပို့ဆောင်ရေးစရိတ် အပြောင်းအလဲများကြောင့် အချို့သောတင်သွင်းသီးနှံများ ဈေးနှုန်း အနည်းငယ် မြင့်တက်မှုရှိသော်လည်း လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်သည့် အသီးအနှံများကို စားသုံးသူများက ပုံမှန်ဝယ်ယူလျက်ရှိမှသာ သစ်သီးဆိုင်ပိုင်ရှင်များအနေဖြင့်လည်း ဈေးကွက်အတွင်း ပုပ်သိုးပျက်စီးမှုမရှိစေရန် အချိန်မှန် မှာယူရောင်းချနိုင်မည်ဖြစ်ကြောင်း တောင်ငူ မြို့ရှိ ရှမ်းလေး သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဆိုင်ပိုင်ရှင်၏ပြောပြချက်အရသိရှိရသည်။
DOCA(ပဲခူး)
