
ဗီယက်နမ်နိုင်ငံ၏ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုတန်ဖိုးသည် ၃ လဆက်တိုက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိလာခဲ့သည်။ ယခုနှစ် ပထမ ၉ လအတွင်း စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံနီးပါး ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၈.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ စက်တင်ဘာလအတွင်း အသီးအနှံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုတန်ဖိုးသည် ကနဦးခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကျော် ရှိခဲ့သည်။ ဇူလိုင်လနှင့် ဩဂုတ်လများတွင်လည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံ နှင့် ၁.၃၇ ဘီလီယံ အသီးသီးရှိခဲ့ကြောင်း သိရသည်။
ဗီယက်နမ် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ၏ ပြောကြားချက်အရ လွန်ခဲ့သည့် ၃ လအတွင်း တင်ပို့မှုတန်ဖိုး မြင့်မားနေခြင်းမှာ အဓိကအားဖြင့် ဒူးရင်းသီး ရာသီချိန်အထွတ်အထိပ်သို့ ရောက်ရှိလာခြင်းနှင့် တရုတ်နိုင်ငံအပါအဝင် အခြားဈေးကွက်များတွင် ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံကဲ့သို့သော နိုင်ငံအချို့မှ ဒူးရင်းသီး ထောက်ပံ့မှုသည် အချို့ကာလများတွင် လျော့နည်းသွားခဲ့သဖြင့် တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံထံမှ ဒူးရင်းသီးဝယ်ယူမှုကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဒူးရင်းသီးအပြင် အုန်းသီး၊ နဂါးမောက်သီး၊ ကျွဲကောသီး၊ သရက်သီးနှင့် ပြုပြင်ထုတ်လုပ်ထားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကလည်း တင်ပို့မှုဝင်ငွေကို ဆက်လက်ထိန်းထားနိုင်ရန် အထောက်အကူပြုခဲ့ကြောင်း သိရသည်။
Nguyen ၏ ပြောကြားချက်အရ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဥရောပ၊ အမေရိကန်ဈေးကွက်များတွင် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ဝယ်လိုအား ဆက်လက်မြင့်တက်လာနိုင်သည်။ အကြောင်းရင်းမှာ နှစ်ကုန်ဈေးဝယ်ရာသီ နီးကပ်လာခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များအတွက် အကြီးမားဆုံးဈေးကွက်ဖြစ်သည်။ ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၃၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၎င်းသည် ဗီယက်နမ်၏ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။
သို့သော် တရုတ်ဈေးကွက်သည် ပိုးသတ်ဆေးအကြွင်းအကျန်ပမာဏ၊ စိုက်ပျိုးဧရိယာ ကုဒ်များနှင့် ထုပ်ပိုးစက်ရုံများနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်လာနေသည်။ ထို့ကြောင့် တင်ပို့မှုကို တည်ငြိမ်စွာ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းများ အနေဖြင့် အရည်အသွေးထိန်းချုပ်မှုနှင့် ထုတ်ကုန်ခြေရာခံနိုင်မှု (traceability) ကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ရန်လိုအပ်ပြီး၊ ပြုပြင်ထုတ်လုပ်ထားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ထုတ်ကုန်များ၏ အချိုးအစားကိုလည်း တိုးမြှင့်သင့်ကြောင်း Nguyen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
