ကမ္ဘောဒီးယားနှင့် ဘီလာရုစ်နိုင်ငံတို့ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ

Powered by Drupal

          ကမ္ဘောဒီးယားနှင့် ဘီလာရုစ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဦးစားပေးကဏ္ဍ (၉) ခုတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်ကို ၃၀-၉-၂၀၂၆ ရက်နေ့က ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသည့် ကမ္ဘောဒီးယား-ဘီလာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ပဉ္စမအကြိမ်‌အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးကို ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Tekreth Kamrang နှင့် ဘီလာရုစ်နိုင်ငံ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Leonid Ryzhkovsky တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ Kamrang က နှစ်နိုင်ငံပူးတွဲကော်မတီ၏ ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရန်နှင့် လက်တွေ့ကျပြီး ထိရောက်သည့် ရလဒ်များရရှိစေရန် ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခင်အစည်းအဝေးများတွင် သဘောတူထားသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၏ တိုးတက်မှုကို ပြန်လည် သုံးသပ်ရန်နှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းအသစ်များကို ဆွေးနွေးရန် အစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နှစ်နိုင်ငံ သဘောတူညီထားသည့် ဦးစားပေး ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများမှာ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ရေး၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အရပ်ဘက်လေကြောင်းနှင့် လေကြောင်းဆက်သွယ်မှု၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အပြန်အလှန်ဆက်သွယ်မှုတို့ဖြစ်သည်။ အစည်းအဝေးသို့ နှစ်နိုင်ငံမှ သက်ဆိုင်ရာ  ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ အဆင့်မြင့်အရာရှိများအပါအဝင် ကိုယ်စားလှယ် ၂၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယား အကောက်ခွန်နှင့် အခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဘီလာရုစ်မှ ကမ္ဘောဒီးယားသို့ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၈၉ သန်းရှိခဲ့ပြီး ကမ္ဘောဒီးယားမှ ဘီလာရုစ်သို့ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၂၇,၀၀၀ ရှိခဲ့သည်။ ၂၀၂၆ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ဘီလာရုစ်မှ တင်သွင်းမှုတန်ဖိုးသည် ဒေါ်လာ ၂.၂၄ သန်း အထိရှိလာပြီး ကမ္ဘောဒီးယား၏ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၃၀၃,၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)