
အင်ဒိုနီးရှားနိုင်ငံသည် စွမ်းအင်ကူးပြောင်းရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားပြီး ၂၀၅၀ ပြည့်နှစ်အထိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံအထိ ရှိနိုင်ကြောင်း အင်ဒိုနီးရှားကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Kadin) ဥက္ကဋ္ဌ Anindya Bakrie က ပြောကြားသည်။ စွမ်းအင်ကူးပြောင်းရေးသည် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း၊ စွမ်းအင်လုံခြုံရေးနှင့် စက်မှုလုပ်ငန်းမဟာဗျူဟာတို့နှင့် ပိုမိုဆက်စပ်လာသည့် အစီအစဉ်တစ်ရပ်ဖြစ်လာပြီး အင်ဒိုနီးရှားနိုင်ငံအတွက် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း Anindya Bakrie က အောက်တိုဘာလ ၅ ရက်နေ့ထုတ်ပြန်ချက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ပထဝီနိုင်ငံရေး မရေရာမှု များ၊ ကုန်သွယ်ရေးပုံစံများ ပြောင်းလဲလာမှုနှင့် စွမ်းအင်လုံခြုံရေးအပေါ် အာရုံစိုက်မှု မြင့်တက် လာခြင်းတို့ကြားတွင် စွမ်းအင်ကူးပြောင်းရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆက်လက်ရှိနေကြောင်း ၎င်းက ဆိုသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကူးပြောင်းရေး ရင်းနှီးမြှုပ်နှံမှုသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး အာရှ-ပစိဖိတ်ဒေသက ကမ္ဘာ့စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ထက်ဝက်နီးပါး ပါဝင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအတွက်လည်း ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ သိသိသာသာ ရှိနေသည်။ လေ့လာမှုတစ်ရပ်အရ အင်ဒိုနီးရှားနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု သုညအသားတင် (Net Zero) ရရှိရေး လမ်းကြောင်းသည် ၂၀၅၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ အဆိုပါအခွင့်အလမ်းကို အသုံးချနိုင် ရန် အင်ဒိုနီးရှားနိုင်ငံတွင် အရေးပါသည့် သတ္တုတွင်းထွက်များ ပေါကြွယ်ဝမှု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အလားအလာကောင်းများ၊ ကြီးမားသည့် ပြည်တွင်းဈေးကွက်နှင့် လျှပ်စစ်မော်တော်ယာဉ်၊ ဘက်ထရီ၊ ဇီဝလောင်စာနှင့် မြေအောက်အပူစွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကဲ့သို့ အားသာချက်များရှိနေကြောင်း Anindya Bakrie က ပြောကြားသည်။ ယင်းအခြေခံ အချက်များသည် အင်ဒိုနီးရှားနိုင်ငံအတွင်း ထုတ်ကုန်များ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများ တည်ဆောက်ရန် ခိုင်မာသည့် အခြေခံအုတ်မြစ်များဖြစ်ကြောင်း ၎င်းက ဆိုသည်။ စွမ်းအင်ကူးပြောင်းရေးကို အရှိန်မြှင့် ဆောင်ရွက်ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဦးစားပေး အချက်သုံးရပ်ကို ခိုင်မာစေရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပထမအချက်အနေဖြင့် စွမ်းအင်ကူးပြောင်းရေးသည် အမျိုးသားယှဉ်ပြိုင်နိုင်စွမ်းနှင့် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်ရမည်ဖြစ်သည်။ ယင်းကူးပြောင်းမှုမှတစ်ဆင့် ယုံကြည်စိတ်ချရပြီး ဈေးနှုန်းသင့်တင့်ကာ ကာဗွန်ထုတ်လွှတ်မှု တဖြည်းဖြည်း လျော့နည်းလာသည့် စွမ်းအင်ကိုရရှိစေပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးနှင့် အလုပ်အကိုင်များ ဖန်တီးရေးတို့ကို အထောက်အကူပြုရန် လိုအပ်သည်။ ဒုတိယအချက်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် သန့်ရှင်းသောစွမ်းအင်စီးပွားရေးမှ ရရှိနိုင်သည့် တန်ဖိုးမြှင့်ထုတ်လုပ်မှုကို ပိုမိုရယူရန်လိုအပ်ပြီး ကုန်ကြမ်းပေးသွင်းသည့် နိုင်ငံအဖြစ်သာ ရပ်တည်နေခြင်းမှ အစိမ်းရောင်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘက်သို့ ကူးပြောင်းရန် လိုအပ်သည်။ တတိယအချက်အနေဖြင့် ရင်းနှီးမြှုပ်နှံရန် အရင်းအနှီးများ ရှိနေသော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ဘဏ်များထံမှ ငွေကြေးရယူနိုင်သည့် စီမံကိန်းများ နည်းပါးနေသည့် ကွာဟချက်ကို ဖြည့်ဆည်းရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ သေချာရှင်းလင်းမှု မြှင့်တင်ခြင်း၊ ယုံကြည်စိတ်ချရသည့် စီမံကိန်းများ ဖော်ဆောင်ခြင်း၊ အခြေခံအဆောက်အအုံများ ခိုင်မာစေခြင်းနှင့် ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှုများကို အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နိုင်စေမည့် ငွေကြေးထောက်ပံ့မှု ယန္တရားများ ဖော်ဆောင်ခြင်းတို့ လိုအပ်ကြောင်း သိရသည်။ ထိုလုပ်ငန်းစဉ်တွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း Anindya Bakrie က အလေးထားပြောကြားသည်။ ထို့ပြင် Kadin အနေဖြင့် အစိုးရ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs)၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်များကို စုစည်း၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သည့် “Indonesia Incorporated” စိတ်ဓာတ်ကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
