
ကမ္ဘာ့စီးပွားရေး မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အခြေအနေတွင် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးခံနိုင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ခိုင်မာစေရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေး မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေကာ တန်ဖိုးမြှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။
Jakarta မြို့၌ အောက်တိုဘာလ ၆ ရက်နေ့ကကျင်းပသည့် ၁၄ ကြိမ်မြောက် US-Indonesia Investment Summit တွင် Airlangga Hartarto က အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးခံနိုင်ရည်သည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရာတွင် အဓိကအချက်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိခဲ့ပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ စားသုံးသူယုံကြည်မှုညွှန်းကိန်း (CCI) ၁၀၈ ဒသမ ၅ ရှိကြောင်း ၎င်းက ထောက်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် Gini Ratio ၀ ဒသမ ၃၆ ရှိပြီး ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၈ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းလာသကဲ့သို့ အလုပ်လက်မဲ့နှုန်းမှာလည်း ၄ ဒသမ ၆၅ ရာခိုင်နှုန်းခန့်အထိ လျော့ကျလာကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေးဆက်ဆံမှုအခြေအနေအရ အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၃ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၀၁ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ပြည်ထောင်စုသို့ အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၅ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသည် အင်ဒိုနီးရှားနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကရင်းမြစ် ငါးနိုင်ငံအနက် တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ ဘီလီယံရှိခဲ့ကြောင်း Airlangga Hartarto က ပြောကြားသည်။
၂၀၂၇ ခုနှစ်အတွက် စီးပွားရေးမူဝါဒ ဦးတည်ချက်များတွင် တန်ဖိုးမြှင့်ထုတ်လုပ်မှု မြင့်မားသည့် ကဏ္ဍများ ခိုင်မာစေရေး၊ ခံနိုင်ရည်ရှိသည့် စီးပွားရေးကဏ္ဍများ ပြန်လည်အသက်ဝင်လာစေရေး၊ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှု စွမ်းဆောင်ရည် မြှင့်တင်ရေးအပြင် ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းရေး၊ ဆီမီးကွန်ဒတ်တာနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရအနေဖြင့် Nongsa အထူးစီးပွားရေးဇုန် (SEZ) တွင် AI အခြေပြု ဒေတာစင်တာတစ်ခုနှင့် Batam-Bintan စီးပွားရေးစင်္ကြံတွင် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုနှင့် ဆက်စပ်လုပ်ငန်းများ ပါဝင်သည့် ဂေဟစနစ်တစ်ရပ် ဖော်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
၂၀၂၆ ခုနှစ် ဇွန်လအထိ အထူးစီးပွားရေးဇုန် ၂၅ ခုတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်မှုပမာဏမှာ အင်ဒိုနီးရှားရူပီး ၃၆၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်) ရှိခဲ့ပြီး အလုပ်အကိုင် ၂၈၃,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ခိုင်မာစေရေး ဆောင်ရွက်နေသည့်အပြင် အစိုးရသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဈေးကွက်ဝင်ရောက်ခွင့်များ တိုးချဲ့လျက်ရှိသည်။ ယင်းတွင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP)၊ အာဆီယံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၊ ပစိဖိတ်ဖြတ်ကျော် ဘက်စုံနှင့် တိုးတက်သော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CPTPP) နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်များ ပါဝင်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးအရ အင်ဒိုနီးရှား-အမေရိကန် အပြန်အလှန် ကုန်သွယ်ရေး သဘောတူညီချက် (ART) အကောင်အထည်ဖော်ရေးသည် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ရန်နှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချရန် အစိုးရ၏ အဓိကအစီအစဉ်များအနက် တစ်ရပ်ဖြစ်ကြောင်း Airlangga Hartarto က ပြောကြားခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်စီးပွားရေးအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကာ မဟာဗျူဟာမြောက် အခွင့်အလမ်းများကို လက်တွေ့ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုမိုခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများအဖြစ် ဖော်ဆောင်နိုင်ရန် မျှော်လင့်ထားပြီး ယင်းမှတစ်ဆင့် နှစ်နိုင်ငံ အပြန်အလှန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
