
အင်ဒိုနီးရှား-ကနေဒါ ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (ICA-CEPA) သည် အင်ဒိုနီးရှားနိုင်ငံ၏ အသေးစား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ (MSME) ကနေဒါဈေးကွက်သို့ ပို့ကုန်တိုးချဲ့နိုင်ရေးအတွက် အဓိကတွန်းအားတစ်ရပ် ဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Kadin) က ပြောကြားခဲ့ကြောင်း သိရသည်။
Kadin Indonesia Institute နှင့် Canada ၏ Asia Pacific Foundation တို့ ပူးပေါင်းကျင်းပသည့် အွန်လိုင်းဆွေးနွေးပွဲတွင် Kadin Indonesia-Canada Bilateral Committee ဥက္ကဋ္ဌ Millie Lukito က အင်ဒိုနီးရှားနှင့် ကနေဒါအကြား ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်နေ သော်လည်း ကနေဒါဈေးကွက်သို့ အင်ဒိုနီးရှားပို့ကုန်များ တိုးချဲ့နိုင်မည့် အလားအလာများစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလထက် ၁၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
သို့သော် ယင်းကုန်သွယ်မှုပမာဏတွင် အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံသာရှိပြီး ကနေဒါနိုင်ငံမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား MSME များအနေဖြင့် ကနေဒါဈေးကွက်သို့ ဝင်ရောက်နိုင်ရေးတွင် လိုအပ်သည့် ဈေးကွက်ကွန်ရက်၊ ဈေးကွက်ဆိုင်ရာ အသိပညာနှင့် အခြေခံအဆောက်အအုံများ ရရှိရေးသည် အဓိကစိန်ခေါ်မှုများဖြစ်နေပြီး ICA-CEPA မှတစ်ဆင့် ယင်းအခက်အခဲများကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်ရန် လိုအပ်ကြောင်း Millie Lukito က အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များနှင့် ထုတ်လုပ်နိုင်စွမ်းရှိသော တည်ထောင်ပြီးသား အသေးစားနှင့် အလတ်စားလုပ်ငန်းများ အများအပြားရှိသော်လည်း ကနေဒါဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် လိုအပ်သည့် ကွန်ရက်နှင့် ဈေးကွက်အသိပညာများ အားနည်းနေကြောင်း သိရသည်။
ICA-CEPA နှင့်ပတ်သက်၍ အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများ၏ အသိပညာနည်းပါးမှုသည်လည်း အဓိကအတားအဆီးတစ်ရပ်ဖြစ်နေပြီး အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများ၏ ၈၄ ဒသမ ၄ ရာခိုင်နှုန်းခန့်သည် အဆိုပါသဘောတူညီချက်ပါ အချက်အလက်များနှင့် စည်းကမ်းချက်များကို လက်ရှိအချိန်အထိ ကောင်းစွာမသိရှိကြကြောင်း သိရသည်။
သို့သော် ကနေဒါနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ စိတ်ဝင်စားမှုမှာ မြင့်မားနေပြီး စစ်တမ်းကောက်ယူထားသည့် လုပ်ငန်းများ၏ သုံးပုံနှစ်ပုံနီးပါးသည် ပူးပေါင်းဆောင်ရွက်နိုင်မည့် သီးခြားကဏ္ဍများကို ရှာဖွေဖော်ထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် MSME များအတွက် လက်တွေ့အသုံးချနိုင်သည့် လမ်းညွှန်ချက်များကို ရှင်းလင်းစွာ ထုတ်ပြန်ပေးရန် လိုအပ်ပြီး ဈေးကွက်ဝယ်လိုအားမြင့်မားသည့် ထုတ်ကုန်အမျိုးအစားများ၊ Harmonized System (HS) ကုန်ပစ္စည်းကုဒ်များ၊ လိုက်နာရမည့် စံနှုန်းများ၊ ထုတ်ကုန်အသိအမှတ်ပြုလက်မှတ်များနှင့် ကနေဒါနိုင်ငံရှိ ဖြန့်ချိရေးလုပ်ငန်းများထံ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် နည်းလမ်းများကို ထည့်သွင်းပေးရန် Kadin က တိုက်တွန်းထားကြောင်း သိရသည်။
ထို့ပြင် ကနေဒါနိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားများ၏ စီးပွားရေးကွန်ရက်ကိုလည်း အသုံးချနိုင်ကြောင်း သိရသည်။ အဆိုပါကွန်ရက်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ဒေသတွင်းဖြန့်ချိရေးဆိုင်ရာ အခြေခံစနစ်များ ရှိပြီးဖြစ်သဖြင့် ပြည်တွင်း MSME များအတွက် ကနေဒါဈေးကွက်သို့ ဝင်ရောက်ရာတွင် ပေါင်းကူးတံတားအဖြစ် အသုံးချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ICA-CEPA အကောင်အထည်ဖော်မှု၏ အောင်မြင်မှုကို အဆင့်မြင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ သို့မဟုတ် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများဖြင့်သာ တိုင်းတာခြင်းမပြုဘဲ ကနဦးပို့ကုန်တင်ပို့မှုများ စတင်နိုင်ခြင်း၊ ထပ်မံပို့ကုန်အော်ဒါများ ရရှိလာခြင်းနှင့် ရေရှည်တည်တံ့သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိလာခြင်းစသည့် လက်တွေ့စီးပွားရေးရလဒ်များဖြင့် တိုင်းတာရန် Kadin က တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
