
အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း တန်ချိန် ၇ ဒသမ ၀၆ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယမန်နှစ် အလားတူကာလထက် ၁၁ ဒသမ ၉၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း Statistics Indonesia (BPS) က ထုတ်ပြန်သည်။
BPS ၏ Distribution and Services Statistics ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Ateng Hartono က အဆိုပါ ခန့်မှန်းချက်သည် အခြောက်ခံပြီး စက်ဖြင့်ကြိတ်ရန် အသင့်ဖြစ်သော စပါး (GKG) တန်ချိန် ၁၂ ဒသမ ၂၄ သန်း ထုတ်လုပ်နိုင်မည်ဟူသော ခန့်မှန်းချက်အပေါ် အခြေခံထားခြင်း ဖြစ်ကြောင်းပြောကြားကြောင်း သိရသည်။
စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း စပါးရိတ်သိမ်းနိုင်မည့် ဧရိယာမှာ ဟက်တာ ၂ ဒသမ ၂၃ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယမန်နှစ် အလားတူကာလထက် ၁၂ ဒသမ ၉၇ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ကြောင်း Ateng Hartono က Jakarta မြိုတွင် ကျင်းပသည့် BPS သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။ အဆိုပါကာလအတွင်း စပါးထုတ်လုပ်မှုမှာလည်း ယမန်နှစ် အလားတူကာလထက် ၁၁ ဒသမ ၉၆ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး ရိတ်သိမ်းဧရိယာ ကျဆင်းမှုနှင့် အလားတူလမ်းကြောင်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ဩဂုတ်လ အတွင်း အမှန်တကယ် စပါးရိတ်သိမ်းခဲ့သည့် ဧရိယာမှာ ဟက်တာ ၁ ဒသမ ၀၈ သန်းရှိပြီး ယမန်နှစ် အလားတူလတွင် ဟက်တာ ၁ ဒသမ ၁၁ သန်းရှိခဲ့ရာမှ ၂ ဒသမ ၈၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဩဂုတ်လအတွင်း စပါးထုတ်လုပ်မှုမှာ GKG တန်ချိန် ၅ ဒသမ ၄၆ သန်းရှိပြီး ယမန်နှစ် အလားတူလတွင် တန်ချိန် ၅ ဒသမ ၆၃ သန်းရှိခဲ့ရာမှ ၂ ဒသမ ၉၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဆန်ထုတ်လုပ်မှုမှာလည်း တန်ချိန် ၃ ဒသမ ၁၅ သန်းရှိပြီး ၂ ဒသမ ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စပါးရိတ်သိမ်းဧရိယာမှာ ဟက်တာ ၈ ဒသမ ၃၂ သန်းရှိပြီး ယမန်နှစ် အလားတူကာလထက် ၀ ဒသမ ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တောင်သူများ၏ ဝယ်ယူနိုင် စွမ်းအားကို တိုင်းတာသည့် Farmers’ Terms of Trade အညွှန်းကိန်းမှာ ဩဂုတ်လတွင် ၁၂၉ ဒသမ ၁၉ ရှိခဲ့ရာမှ စက်တင်ဘာလတွင် ၁၃၁ ဒသမ ၁၁ သို မြင့်တက်ခဲ့ကြောင်း BPS ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ တိုးတက်မှုမှာ တောင်သူများ ရရှိသည့် ကုန်စည်ဈေးနှုန်းအညွှန်းကိန်း ၁ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းနှင့် တောင်သူများ ပေးချေရသည့် ကုန်စည်ဈေးနှုန်းအညွှန်းကိန်း ၀ ဒသမ ၄၄ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ခြင်းတိုကြောင့် ဖြစ်သည်။ ထိုပြင် စက်တင်ဘာလအတွင်း ဆန်ဈေးနှုန်းများမှာလည်း ဈေးကွက်အဆင့်အားလုံးတွင် မြင့်တက်ခဲ့ကြောင်း BPS က ဖော်ပြသည်။ ဆန်စက်အဆင့်တွင် ၀ ဒသမ ၈၁ ရာခိုင်နှုန်း၊ လက်ကားဈေးကွက်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် လက်လီဈေးကွက်တွင် ၀ ဒသမ ၈၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Antara News Antara News
DOCA (ရန်ကုန်)
