ကမ္ဘောဒီးယား၏ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏ ၂၂.၁ ရာခိုင်နှုန်း မြင့်တက်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၈.၄၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလထက် ၂၂.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇.၄၇ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ သွင်းကုန်တန်ဖိုးမှာလည်း ၂၆ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိလာခဲ့သည်။ ကုန်သွယ်မှုပမာဏ မြင့်တက်လာခြင်းသည် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်လာခြင်းနှင့် ဒေသတွင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်များတွင် ကမ္ဘောဒီးယားနိုင်ငံ ပါဝင်ဆောင်ရွက်နေခြင်းတို့ကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆက်လက်တိုးချဲ့လာမှုကို ဖော်ပြနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ Penn Sovichea က အစိုးရအနေဖြင့် ပို့ကုန်ဈေးကွက်များကို ပိုမိုကျယ်ပြန့်စွာချဲ့ထွင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူ ချောမွေ့စေရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားထုတ်ကုန်များအပေါ် နိုင်ငံတကာဈေးကွက်၏ ယုံကြည်မှု၊ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးရလဒ်ကို ပို့ကုန်တိုးတက်မှုက ထင်ဟပ်နေကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များတွင် အထည်ချုပ်ပစ္စည်းများ၊ ဖိနပ်များ၊ ခရီးသွားသုံး ပစ္စည်းများ၊ စက်ယန္တရားနှင့် လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ စက်ဘီးများ၊ တာယာများ၊ ပရိဘောဂများနှင့် အခြားစက်မှုထုတ်ကုန်များ ပါဝင်သည်။ သွင်းကုန်များတွင်မူ ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရေနံထွက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်၊ ထုတ်လုပ်မှုလုပ်ငန်းသုံးပစ္စည်းများ ပါဝင်ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားသည်။ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံ တို့ဖြစ်ပြီး အဆိုပါနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၇.၅၈ ဘီလီယံ၊ ၁၂.၄၆ ဘီလီယံ နှင့် ၆.၅၈ ဘီလီယံ အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                            

DOCA(ရန်ကုန်)