
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးမင်းနောင် သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ၁၃.၁၀.၂၀၂၆ ရက်နေ့ တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ အခြေခံပညာကျောင်း များမှ ကျောင်းမုန့်ဈေးတန်းများနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများနှင့် ကျောင်းပတ် ဝန်းကျင်ရှိ ဈေးဆိုင်များ၏ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များတွင် ဆိုးဆေး အန္တရာယ် ရှိ/မရှိ၊ တားမြစ်အစားအစာများ ရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူများ သိရှိနိုင်ရန် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိတို့ ကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးမှုသည် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော အစားအသောက်များကို စားသုံးနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ ကို ကာကွယ်ပေးနိုင်ရေးနှင့် အစားအသောက်ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
DOCA (မွန်)
