စစ်ကိုင်းမြို့၏ ထုတ်ကုန် လွန်းရာကျော် ကြိုးကြီးချိတ် (One Region One Product)

Powered by Drupal

          မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ တိုင်းပြည်လူမျိုးတိုင်းကပင် အံ့ဩဘနန်းချီးမွမ်းခြင်းခံ ရသော လွန်းရာကျော် ကြိုးကြီးချိတ်ခေါ် ကြိုးချိတ်အထည်သည် မြန်မာနိုင်ငံတွင် စတင်ပေါ်ပေါက် လာပုံ သမိုင်းကြောင်းကို အကျဉ်းမျှ တင်ပြလိုပါသည်။

          မြန်မာသက္ကရာဇ်(၁၁၈၁)ခုနှစ်မှ(၁၁၉၉)ခုနှစ်အတွင်း ဘကြီးတော်မင်းတရားသည် မဏိပူရ ကသည်းပြည်၊ အာသံပြည်များသို့ သွားရောက်တိုက်ခိုက်ပြီးလျှင် ကသည်းရက်ကန်းသည်များကို ခေါ်ဆောင်လာ၍ အမရပူရ စစ်ကိုင်းရှိ ရက်ကန်းသည်များအား ကြိုးချိတ်အထည်ရက်လုပ်ခြင်း ပညာကို သင်ကြားစေပါသည်။ ၎င်းခေါ်ဆောင်လာရာတွင် လင်းဇင်းအက္ကဘတ်ဆိုသူ ရက်ကန်းပညာ ရှင်ကြီးမှာ ကြိုးချိတ်အထည်ရက်လုပ်ခြင်းကို အထူးတတ်ကျွမ်း၍ အမရပူရ ရက်ကန်းသည်များအား သင်ကြားခဲ့သည်။ ထိုအချိန်မှစ၍ အမရပူရမြို့တွင် ကြိုးချိတ်အထည်ရက်လုပ်ခြင်းကို အထူးတတ် ကျွမ်းလာပါသည်။ ထို့ကြောင့် “ အချိတ်အစ- မဏိပူရက” ဟူ၍လည်းကောင်း၊ “အချိတ်ကြီးအစ- ဘကြီးတော်ဘုရားလက်ထက်က” ဟူ၍လည်းကောင်း ဆိုစမှတ်ပြုကြပါသည်။

          ရတနာပုံ မန္တလေးခေတ်တွင် ကြိုးချိတ်ထည်များရက်လုပ်ခြင်းသည် အင်းဝခေတ် အမရပူရ ခေတ်ကဲ့သို့ မဟုတ်တော့ဘဲ အလွန်ပင်ကျယ်ပြန့်ဆန်းပြားလာပြီးလျှင် ကြိုးချိတ်ထည်ရက်လုပ်ခြင်း နှင့် ကြိုးချိတ် အသွင်အပြင်၊ အဆင်အသွေးတို့မှာ အထွတ်အထိပ်သို့ ရောက်လာပါသည်။ တင်စား၍ ပြရလျှင် အင်းဝ၊ ညောင်ရမ်းခေတ်တွင် ကြိုးချိတ်ရက်လုပ်ခြင်းပညာရပ်များ သန္ဓေတည်၍ အမရပူရ ခေတ်တွင် မွေးဖွားလာပြီး၊ ရတနာပုံခေတ်တွင် ကြီးထွားလာပါသည်။

          ရတနာပုံခေတ်၌ ကြိုးချိတ်အထည်များသည် အဆင်အသွေး ခမ်းနားဆန်းပြာလာပြီး၊ ဘုရင် မင်းမြတ်များ အထူးအလေးပေးဝတ်ဆင်ကြပါသည်။ သီပေါမင်းဝတ်ဆင်သော “ပိုး”တောင်ရှည်ပုဆိုး ၏ အောက်နားတွင် ဒေါင်း၊ ခြင်္သေ့၊ ဟင်္သာ စသည့် ရုပ်လုံးတော်အချိတ်ထည်များရက်လုပ်ကြောင်း၊ ဘုရင်၊ မိဖုရားများသာ ဝတ်ဆင်ရန် သတ်မှတ်ထားသော ကြိုးချိတ်အထည်များကို မည်သူမျှဝတ်ဆင် ခွင့်မရှိဟု သိရပါသည်။ ဘုရင်မင်းမြတ်ဝတ်ဆင်ပြီး(ဝတ်လဲတော်) ပုဆိုးများကို မောင်းမ မိဿံ၊ အခြွေအရံများနှင့် စစ်သူရဲကောင်းများအား ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်ပါသည်။ ရတနာပုံ ခေတ်က ရက်လုပ်သောကြိုးချိတ်ထည်များမှာ အလွန်ခမ်းနားဆန်းပြား၍ မန္တလေးမြို့ စာကြည့်တိုက် နှင့် ပြတိုက်များတွင် ယနေ့တိုင်တွေ့မြင်နိုင်ပြီး၊ ပျဉ်မနားမင်းသားနှင့် စုဖုရားလတ် ဝတ်ဆင်သော ကြိုးချိတ်ထည်များပါဝင်ပြီး၊ စုဖုရားလတ် ဝတ်ဆင်သော ကြိုးချိတ်အထည်မှာ လွန်းပေါင်း(၂၆၄) လွန်းအထိ ရက်ခတ်ထား၍ အလွန်ပင်အဆင့်မြင့်ပြီး ကျက်သရေရှိကြောင်း သိရပါသည်။

လွန်းရာကျော် ကြိုးကြီးချိတ်ခေါ်တွင်ပုံ

          လွန်းရာကျော် ကြိုးကြီးချိတ်ဟူသည်မှာ (၁) လွန်းရာကျော် (၂) ကြိုးကြီး (၃) အချိတ်ဟူသော ဝေါဟာရများကို ပေါင်းစပ်ခေါ်ဝေါ်ခြင်း ဖြစ်ပါသည် -

လွန်းရာကျော် ဆိုသည်မှာ  ကြိုးချိတ်အထည်ကို လွန်းတစ်ရာကျော်၊ နှစ်ရာကျော်ဖြင့် ရက် ခတ်ရသဖြင့် လွန်းရာကျော် ဟုခေါ်ပါသည်။ လွန်းတစ်ရာမကျော်ပါက လွန်းရာကျ ဟု ခေါ် ပါသည်။

ကြိုး ဆိုသည်မှာ အထည်၏အဆင်တွင် အကွေ့၊ အကောက်၊ အတွန့်၊ အလိမ်များကို ကြိုး ဟု ခေါ်ပါသည်။ ကြိုးတွင်လည်း အရန်ကြိုး၊ အဖြည့်ကြိုး၊ ကြိုးငယ်၊ ကြိုးကြီး ဟူ၍ရှိပါသည်။

အချိတ် ဆိုသည်မှာ အဆင်ဒီဇိုင်းကို ခေါ်ခြင်းမဟုတ်ပါ၊ ရက်လုပ်သော နည်းကိုသာ ခေါ်ခြင်း ဖြစ်ပါသည်။ ကြိုးချိတ်ထည်ရက်လုပ်သောအခါ ရှေ့ဦးပထမ လွန်းကလေးသည်သူနှင့် ဆိုင် သော ပင်စားကော်ပြီးပါက ဒုတိယလွန်းကလေးက ဆက်လက်ကော်ရန် ဖြစ်ပါသည်။ ပထမ လွန်းကလေးအဆုံးနှင့် ဒုတိယလွန်းကလေးအစ၌ အဖောက်ချည်နှစ်စဆုံရာတွင် ဒုတိယ အဖောက်ချည်သည် ပထမလွန်းကလေး အဖောက်ချည်ဝကို ချိတ်ပြီးမှ ၎င်းနှင့်ဆိုင်သော ပင်စားကိုကော်ရပါသည်။ ထိုအတူ ဒုတိယလွန်းကလေးအဆုံးနှင့် တတိယလွန်းကလေး အစတွင် အဖောက်ချည်နှစ်ပင်ဆုံရာ၌ တတိယလွန်းကလေး အဖောက်ချည်က ဒုတိယလွန်း ကလေးအဖောက်ချည်ကို ချိတ်ပြီးမှ မိမိနှင့်သက်ဆိုင်သော ပင်စားကို ကော်ရခြင်းဖြစ်ပါ သည်။ ဤသို့အဖောက်တစ်ပင်နှင့်တစ်ပင်ချိတ်ဆက်သောနေရာကို လင်းမြွေရိုး၊ လွန်းဖုဟူ၍ ခေါ်ပါသည်။ ဤသို့ အဖောက်တစ်ပင်နှင့် တစ်ပင်ချိတ်ဆက်ရခြင်းများ အထည်သားတွင် အဖောက်ချည်လွတ်မသွားအောင်၊ အထည်သားကျဲ မသွားအောင်ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ အဖောက်ချည်တစ်ပင်နှင့် တစ်ပင်ချိတ်ဆက်ခြင်းကြောင့် အချိတ် ဟူသော ဝေါဟာရ ပေါ်လာရပါသည်။

ခေတ်သက္ကရာဇ်အလိုက် အုပ်စိုးသော ဘုရင်များလက်ထက် ကြိုးချိတ်ရက်လုပ်သော ဒေသများ

          ညောင်ရမ်းခေတ်(၁၇၃၃မှ ၁၇၅၅ထိ) ဟံသာဝတီမင်းလက်ထက်၌ ရက်လုပ်သောဒေသမှာ- အင်းဝ၊ ကုန်းဘောင်ခေတ်ဦး(၁၇၅၂မှ၁၇၆ဝထိ) အလောင်းဘုရားမင်းလက်ထက်၌ ရက်လုပ်သော ဒေသများမှာ- ရွှေဘိုနှင့်အင်းဝ၊ ကုန်းဘောင်ခေတ်(၁၇၆၃မှ၁၇၇၆ထိ)ဆင်ဖြူရှင်မင်းလက်ထက်၌ ရက်လုပ်သောဒေသများ- အင်းဝနှင့် အမရပူရ၊ အမရပူရ ခေတ်ဦး(၁၇၈၂မှ၁၈၅၉ထိ) ဘိုးတော်မင်း လက်ထက်၌ ရက်လုပ်သောဒေသများမှာ- အင်းဝ၊ အမရပူရနှင့် စစ်ကိုင်း၊ အမရပူရခေတ် (၁၈၁၉မှ၁၈၃၇ထိ) ဘကြီးတော် မင်းလက်ထက်၌ ရက်လုပ်သောဒေသများမှာ- အင်းဝ၊ အမရပူရနှင့် စစ်ကိုင်း၊ အမရပူရခေတ်နှောင်း (၁၈၄၆ မှ ၁၈၅၃ထိ) ပုဂံမင်းလက်ထက်၌ ရက်လုပ်သောဒေသ များမှာ- အမရပူရနှင့် စစ်ကိုင်း၊ ရတနာပုံခေတ်(၁၈၅၃မှ ၁၈၈၅ထိ) မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်၌ ရက်လုပ်သောဒေသများမှာ-အမရပူရ၊ မန္တလေးနှင့် စစ်ကိုင်း။

စစ်ကိုင်းမြို့ ရက်ကန်းလုပ်ငန်း

          ရက်ကန်းလုပ်ငန်းကို ရှေးဘိုးဘွားအဆက်ဆက်မှ လက်ဆင့်ကမ်းအမွေအဖြစ်ရယူပြီး ယခု ချိန်ထိ လုပ်ကိုင်လျက်ရှိရာ စစ်ကိုင်းမြို့နယ်တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာ(၃၃)ရွာ ကျော်တွင် တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူပေါင်း(၂၀၀၀)ကျော်ခန့်ရှိပါသည်။ စစ်ကိုင်းမြို့ပေါ်၌ လက်ရက်ကန်းလုပ်ကိုင်သူ(၃၀)ဦး၊ စက်ရက်ကန်း(၅)ဦး စုစုပေါင်း(၃၅)ဦး ရှိသည့် အနက် ပိုးအချိတ်ရက်ကန်းစင်(၁၅၀ )စင်ခန့်ရှိပါသည်။

ပိုးစစ်အချိတ်ထည်လုပ်ငန်း

စစ်ကိုင်းမြို့ပေါ်တွင် သီင်္ဂီစန်း၊ ပန်းဝတ်ရည်၊ သီရိသစ္စာ၊ ဇွဲမာန၊ အောင်ရတနာနှင့် လွင် စသည့် ပိုးစစ်အချိတ်ထည်ရက်လုပ်ပြီး၊ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများရှိပါ သည်။ ကုန်ကြမ်းများကိုမန္တလေး(အမရပူရ)မှ ဝယ်ယူရာတရုတ်မှဝင်သော“ပိုး”တစ်ပိဿာလျှင် ကျပ်(၄)သိန်း ပေါက်ဈေးရှိကြောင်း၊ ပိုးအချိတ် တစ်ထည်ရက်လုပ်ရန် တစ်စင်လျှင် ရက်ကန်းရက်သူ (၂)ဦး ဖြင့် ရက်လုပ်ရာ အချိန် (၁)လ သို့မဟုတ် (၁)လခွဲ ခန့်ကြာပြီး၊ ပိုးချိတ်တစ်ထည် လုပ်အားခ တစ်ဦးလျှင် ကျပ်(၁)သိန်း(၄)သောင်းခန့်ပေးရကြောင်း၊ ပိုးစစ်ချိတ်တစ်ထည် စုစုပေါင်းကုန်ကျစရိတ် မှာ ကျပ်(၅)သိန်းခန့် ကုန်ကျကြောင်း၊ ပိုးစစ်ချိတ် တစ်ထည်ရောင်းဈေးနှုန်းများမှာ အနိမ့်ဆုံး ကျပ် (၆)သိန်းမှ အမြင့်ဆုံးကျပ်(၁၀)သိန်းခန့်ဖြစ်ပြီး၊ ပိုးဖဲချိတ် တစ်ထည်ရောင်းဈေးနှုန်းမှာ ကျပ် (၃)သိန်း မှ ကျပ်(၄)သိန်း ခွဲကြား၊ ချည်ချိတ်တစ်ထည် ရောင်းဈေးနှုန်းမှာ ကျပ်(၅)သောင်းမှကျပ်(၁)သိန်းကြား၊ ကြိုက်နှစ်သက်ရာ ဒီဇိုင်းများရေးဆွဲ၍ ကွန်ပျူတာဖြင့် ဒီဇိုင်းဖော်ရက်လုပ်သော ပိုး(ထိုင်း)ချိတ်ထည် များမှာ ကျပ်(၄)သောင်းမှ ကျပ်(၆)သောင်းခွဲကြား ပေါက်ဈေးအသီးသီးရှိပါကြောင်း၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့ စသည့်ဈေးကွက်များသို့ တင်ပို့ရောင်းချသည့်အပြင် အမှာစာများ ရှိပါကလည်း ရက်လုပ်ကြောင်း သီင်္ဂီစန်း ပိုးစစ်အချိတ်ထည်လုပ်ငန်းရှင် ဒေါ်အေးအေးစန်းထံမှ သိရှိရပါသည်။သန်းသန်းတင်(မုံရွာ)

ကိုးကာစာအုပ် - ၂၀၀၄ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဥ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ  ပထမဆု၊ ရေးသားသူ-ဦးရွှေထွန်း