ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးကြိုးပမ်းလျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝ သယံဇာတ မည်မျှပင်ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှု မရှိလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုမရှိနိုင်ပါ။ နိုင်ငံတိုင်း မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင်ထူးချွန် ထက်မြက်အောင်ပြုစုပျိုးထောင် ပေးလျက် ရှိကြသည်။
မြန်မာနိုင်ငံတွင်လည်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော် ကြမည့်မျိုးဆက်သစ်များဖြစ်ကြပါသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင် တော်နေ တတ်နေသိနေဖို့လိုပေသည်။ လူငယ်များကိုယ်တိုင် ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါသည်။ ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ၊ နက်ရှိုင်းကျယ်ပြန့်လှပါသည်။ မိမိ၏ကာယ၊ ဉာဏစွမ်းအားအပေါ် မူတည်ပြီး ထူးချွန် ထက်မြက်မည်သာဖြစ်သည်။ ပညာတတ်မြောက်ချင်း တူလျှင်သော်မှ စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသူက အမြဲသာလွန်နေပေလိမ့်မည်။
နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ်တည်ဆောက်ရာတွင် အသိပညာ တစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက် ၍မရနိုင်ပေ။ အသိပညာနှင့်အတတ်ပညာနှစ်မျိုး ပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင် တတ်မြောက် ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကိုအခြေခံပြီး လက်တွေ့ နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်းကြိုးစား သင့်လှပေသည်။ အသိပညာ အတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်း ပေမွန်များဖတ်ရှုခြင်းဖြစ်သည်။ အလိမ္မာစာမှာရှိသည် ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကို များများဖတ်ကြရမည်သာဖြစ်ပါသည်။ ဖတ်ရုံသာမက မှတ်လည်းမှတ်ရ ပေမည်။
ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်း သည့်အရာ အရက်ကလေးတစ်ခွက်လောက်၊ မူးယစ်ဆေးဝါးလေး တစ်ပြားလောက် စူးစမ်းမိလျှင်ကား မိမိဘဝ၏ တိုးတက်မှု ကိုဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့်တူပေသည်။ အတုယူလွဲမှားခြင်း မရှိအောင်ပြုမူ နေထိုင်သင့်လှပေသည်။ အပေါင်းကြောင့် ဂုဏ်ပျက်၊ အပေါင်း ကြောင့် ဂုဏ်တက်ဆိုစကားကဲ့သို့ မိမိဂုဏ်တက်စေမည့်အပေါင်းအသင်းမျိုးကိုသာ ပေါင်းသင်းသင့်ပေသည်။
ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူလွဲမှားစေသောအရာများ တွေ့မြင်နေကြ ရသည်။ ယနေ့လူငယ်များဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက် ကြီးပွားရေး အတွက်သာ ဖြစ်သင့်သည်။ လူငယ်တိုင်းစိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမားသည့်ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင် လေ့လာ သိရှိထားသင့်သည်။ အမှန်စင်စစ် အမျိုးဘာသာသာသနာမျိုးချစ်စိတ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံ တိုင်းတွင်ရှိနေသော စိတ်ဓာတ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မျိုးချစ်စိတ်ဓာတ်မရှိသော နိုင်ငံနှင့်လူမျိုး၊ ၎င်းတို့ ကိုးကွယ်သော သာသနာကို ဦးစားမပေးသောနိုင်ငံနှင့်လူမျိုးဟူ၍ တစ်နိုင်ငံမျှ မရှိသေးပါ။ ရှိလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို တိုင်းပြည် နှင့်လူမျိုးကို ချစ်တတ်သောစိတ်၊ မိမိတို့ကိုးကွယ်သောဘာသာတရားကို မြတ်နိုးတန်ဖိုးထားသော စိတ်များ ရှိနေရန်လိုအပ်ပေသည်။
နိုင်ငံတော်တစ်ရပ် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပါသည်။ အနာဂတ်တွင်အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာကြမည့်လူငယ်အပေါင်းတို့သည် မိမိတို့အတွက် အသိပညာအတတ်ပညာများ တိုးတက်သည်ထက်တိုးတက်အောင်ရှာဖွေဖြည့်ဆည်းနေကြရမည်ဖြစ်သကဲ့သို့ တိုင်းပြည်နှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာသာသနာကို တန်ဖိုးထားသော စိတ်ဓာတ် များကိုလည်း မွေးမြူရမည်ဖြစ်ပါသည်။ သူများထက်ပိုတော်စေချင်လျှင် သူများထက် ပိုကြိုးစားမည်မှာ အမှန်တရားဖြစ်ပါသည်။ လူသားအရင်းအမြစ်လိုအပ်ချက်နှင့် ပတ်သက်၍ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ရှိမှသာ လုပ်သားအင်အားများ ရရှိနိုင်မည်ဖြစ်သဖြင့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး အားပေးဆောင်ရွက်ရမည် ဖြစ်ပါသည်။ လူငယ်မှန်သမျှသည်အနာဂတ်ကာလတွင် လူရွယ်များ အဖြစ်၊ ထိုမှတစ်ဆင့် လူကြီးများအဖြစ် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ကြရမည် ဖြစ်ပေသည်။ ထိုမှတစ်ဆင့်ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန် များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန် စွန့်ဦးတီထွင်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည်နိုင်ငံသားအားလုံး၏ အမျိုးသားရေး ကိစ္စတစ်ရပ်ဖြစ်ပေရာ လူငယ်မောင်မယ်တိုင်း ကြိုးစားလုပ်ဆောင်ကြပါရန် ရေးသားလိုက်ရပေသည်။
DOCA(ရန်ကုန်)